ကုန်တင်ကားမီးရှို့ပြီး ယာဉ်မောင်းအား အေအေ ဖမ်းဆီးခေါ်ဆောင်ဟု တပ်မတော်ထုတ်ပြန်
DVB
·
January 22, 2020
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-စစ်တွေသွား ကားလမ်းပေါ်မှာ ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းက အေအေတပ်ဖွဲ့ဝင်တွေက ကားတစီးကို မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။
ရန်ကုန်မှ စစ်တွေသို့ ပြေးဆွဲနေတဲ့ ရွှေကံ့ကော်ယာဉ်လိုင်းမှ ယာဉ်မောင်း မှော်ဘီမြို့နေသူ ဝေပိုင်မိုး မောင်းနှင်လာတဲ့ ကုန်တင်ကားဟာ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာစဉ် ဇန်နဝါရီ ၂၀ ရက် မနက် ၉ နာရီလောက်မှာ မဲလက်မောင်းကျေးရွာအနီး မိုင်တိုင်အမှတ်၊ ၁၈ မိုင် ၄ ဖာလုံနေရာအရောက် အေအေတပ်ဖွဲ့ဝင်တွေက ကုန်တင်ကားပေါ်ပါလာတဲ့ ပစ္စည်းတွေနဲ့ ကားကို မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမ်းမြို့မရဲစခန်းမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူကို ပြန်လည်ရရှိရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေစိုးမိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်မတော် အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တပ်မတော်ဘက်က စွပ်စွဲတာဖြစ်ပြီး အေအေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပြောပါတယ်။
“အဲ့ဒီကိစ္စကတော့ ကျနော်တို့နဲ့ ဘာမှသက်ဆိုင်မှုမရှိဘူးခင်ဗျ၊ ကျနော်တို့ဘက်က လုပ်တာ လည်း မရှိဘူး။ အဲ့ဒီအခင်းဖြစ်တဲ့နေရာမှာ ကျနော်တို့တပ်တွေလှု ပ်ရှားတာလည်းမရှိဘူး။ အရပ်သားတွေဆီကတဆင့် သိရသလောက်တော့ အဲ့ဒီ နေရာမှာ အရပ်သားကားတစီး ကျောက်ဆောင်ကို ဝင်တိုက်ပြီးမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်းသွားတယ်ဆိုတဲ့အဖြစ် အပျက်တခုရှိတယ်” လို့ ပြောပါတယ်။