Home
မြန်မာသတင်း
အင်းနှင့် မြစ် ခွဲခြားသတ်မှတ်ပေးရန် ညောင်ဦးရေလုပ်သားများ ဆန္ဒပြ
DVB
·
January 22, 2020
မန္တလေးတိုင်း ညောင်ဦးမှာ ဧရာဝတီမြစ်ကြောင်းကို အင်းအဖြစ်သတ်မှတ်ထားတဲ့အတွက် နစ်နာထိခိုက်နေရပြီး အင်းနဲ့ မြစ် ခွဲခြားသတ်မှတ်ပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ ငါးဖမ်းပိုက်တွေ ပြန်ပေးဖို့  ရေလုပ်သားတွေက ဆန္ဒပြခဲ့ကြပါတယ်။ ညောင်ဦးမြို့နယ် ရွှေစည်ခုံ ဘုရားပွဲတော် ပြုလုပ်တဲ့ကွင်းမှာ မနက် ၁၀ နာရီအချိန်က စတင်ပြီး ညောင်ဦးမြို့နယ် အတွင်းက ရေလုပ်သားများ စုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ “နိုင်ငံတော်အစိုးရအနေနဲ့က ဧရာဝတီမြစ်ကြောင်းကို အင်းသတ်မှတ်နေတဲ့အတွက် အင်းလေလံရတဲ့ အင်းသူကြီးကို ငွေပေးဆောင်ရတာကြောင့် ရေလုပ်သားတွေမှာ လာထိတယ်။ အခု ကျနော်တို့ဖြစ်ချင်တာက မြစ်ဟာ မြစ်၊ အင်းဟာ အင်းလို့ ခွဲခြားလိုက်ရင် အားလုံးအဆင်ပြေမယ်” လို့ ရေလုပ်ငန်း ၂၅ နှစ်တိုင် လုပ်ကိုင်လာသူ ဦးကျောက်ခဲက ပြောပါတယ်။ ညောင်ဦးမြို့နယ် ဧရာဇက်ဆိပ်အထက်ပိုင်းမှ မြင်းကပါ ဆိပ်ကမ်းဝန်းကျင်အထိ မြစ်ကြောင်း ကို တောင်ဖီအင်း၊ ပုဂံအင်း၊ မြင်းကပါ အင်းတို့အဖြစ် သတ်မှတ်ထားပြီး ရေလုပ်သားများက ငါဖမ်းလုပ်ကိုင်လိုလျှင် အင်းတခုအတွင်း လုပ်ကိုင်ခွင့် လှေတစီးကို ငါးသောင်းမှ ၁ သိန်းအထိ ပေးသွင်းရတယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။ ရေလုပ်သား ကိုသန်းစိုးမင်းက “သူတို့တွေက ကျနော်တို့ ဆင်းရဲသားတွေကို တချက်မှကို ပြန်မကြည့်တာ၊ လုပ်ခဲ့တဲ့ လမ်းကြောင်းတွေဆိုရင် နှစ်ပတ်လည် တော့မယ်။ ကျနော်တို့မှာ မရှိတဲ့ကြားကနေ ဒီနေ့ရတဲ့အလုပ်လုပ်လိုက် ရုံးပိုင်းဆိုင်ရာသွားလိုက် စာရွက်စာတန်းဖိုးကုန်လိုက်နဲ့ တနေ့ပြန်လာလည်း အကြောင်းမထူးဘူး ဟိုနေ့ချိန်းဒီနေ့ချိန်း ချိန်းရက်တွေပဲ ပေးတယ် အမှန်အကန် ဆောင်ရွက်မပေးဘူး” လို့ ပြောပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ရေလုပ်ငန်း လုပ်ကိုင်မီခိုသူ လူ၁၀၀ ကျော်ဒုက္ခရောက်နေပြီး အင်းလေလံ သက်တမ်း ကုန်ဆုံးဖို့ နှစ်လသာ လိုတော့တာကြောင့် နောက်ထပ်သက်တမ်းအသစ်မှာ အင်းအဖြစ် မြစ်အဖြစ်သာ တည်ရှိစေလိုကြောင်းနဲ့ ဥပဒေနှင့်အညီ ငါးဖမ်းလိုင်စဉ် လျှောက်ထားချမှတ်ပေးစေလိုတယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။ ဧရာဝတီ မြစ်နှင့် အင်းကွဲပြားပြီး ရေလုပ်သားများလွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိရေး၊ ဥပဒေနဲ့အညီ ငါးဖမ်းကိရိယာလိုင်စင်ရရှိရေး၊ မတရားဖမ်းဆီးထားတဲ့ ငါးဖမ်းပိုက်များ ပြန်လည်ရရှိရေး စတဲ့ကြွေးကြော်သံတွေနဲ့ လူဦးရေ ၇၀ လောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024