နန်းယွန်းမြို့အား အညိုရောင်နယ်မြေအဖြစ်မှ ကင်းလွတ်ခွင့်ပြုရန် တောင်းဆို
DVB
·
January 22, 2020
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ကို အညိုရောင်နယ်မြေအဖြစ် ကန့်သတ်ထားတာကို ကင်းလွတ်ခွင့်ပြုဖို့၊ မြစ်ကြီးနား၊ တနိုင်းကနေ ဆန်၊ စက်သုံးဆီ၊ တည်ဆောက်ရေးပစ္စည်းတွေ လွတ်လွတ်လပ်လပ် သယ်ယူခွင့်ပြုဖို့ စတာတွေကို ဒေသခံတွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ တောင်းဆိုခဲ့ပါတယ်။
မနေ့ကတွေ့ဆုံပွဲမှာ တောင်းဆိုကြတာဖြစ်ပြီး နန်းယွန်းမြို့ဟာ ဟူးကောင်းဘေးမဲ့တောမှာ ပါနေတာကို ပယ်ဖျက်ပေးဖို့၊ ဆောက်လုပ်ပေးရန်၊ နန်းယွန်းမြို့က သိက္ခာတော်ရ ဦးတီးရဲက တကားခွင်က ကျေးရွာ ၇ ရွာကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေ၊ ပြည်သူတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုဖို့ကို တောင်းဆိုခဲ့ကြသလို ဒေသဖွံ့ဖြိုးရေးလုပ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီးတွေနဲ့အတူ မနေ့က စစ်ကိုင်းတိုင်း ခန္တီးမြို့ကတဆင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ကို သွားပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတင်ပြတောင်းဆိုတာတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က တချို့ဒေသတွေကို သွားရောက်ဖို့ လုံခြုံရေးအရခွင့်ပြုချက်ရယူဖို့ လိုအပ်တာကိုလက်ခံပေမယ့် ခွင့်ပြုချက်ရယူနိုင်ဖို့အတွက် သက်ဆိုင်ရာနဲ့ လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။
ပြီးတော့ တင်ပြချက်များကိုကြည့်မယ်ဆိုရင် တိုင်းအစိုးရအနေနဲ့ ပြည်သူနဲ့ထိတွေ့ဖို့ လိုအပ်နေပြီး ပြည်သူ့အသံကို အမြဲနားထောင်စေလိုတယ်လို့လည်း ပြောပါတယ်။
ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က နန်းယွန်းမြို့ကို မိုးတွင်းမှာလာမယ်ဆိုရင် အခက်အခဲအများကြီးရှိပေမယ့် ဒါဟာ တနိုင်ငံလုံးမှာ ဖြစ်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျမတို့ နန်းယွန်းကို ရဟတ်ယာဉ်နဲ့ လာတဲ့အခါမှာ အောက်ကိုကြည့်လိုက်တဲ့အခါ ရွှေတူးနေတဲ့ နေရာတွေကို တွေ့ရပါတယ်။ ဒီလို ရွှေတူးတဲ့နေရာတွေမှာ တချို့တွေက ဥပဒေဘောင်အတွင်းက မဟုတ်ဘဲ စည်းကမ်းမဲ့ရွှေတူးတဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်အထိ ထိခိုက်သွားလဲ ဆိုတာကို ကျမတို့ မျက်ဝါးထင်ထင် မြင်ရပါတယ်။ မြေပြင်ကနေ ကြည့်တာထက် အပေါ်ကနေ ကြည့်လိုက်ရင် ကျမတို့ နိုင်ငံရဲ့ အခြေအနေကို အင်မတန်မှ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ဒီလိုအပေါ်ကနေ ကြည့်ပိုင်ခွင့်က လူတိုင်းရှိတာမဟုတ်ဘူး။ အဲဒီတော့ ကျမ နည်းနည်းလေး မျှဝေပြီး ပြောပါရစေ” လို့ ဆိုပါတယ်။
တောတောင်တွေ ထူထပ်တာကြောင့်လည်း ပြည်သူလူထုအတွက် သွားရေး၊ လာရေး ခက်ခဲပြီး အသက်မွေးဝမ်းကျောင်းဖို့ ခက်ခဲမယ်ဆိုတာ ခန့်မှန်းလို့ရတယ်လို့လည်း ပြောပါတယ်။
“တဖက်ကနေပြီး ဒီလိုတရားမဝင် ရွှေတူးထားလို့ ပတ်ဝန်းကျင်ပျက်စီးနေတာကို ကြည့်လိုက်တဲ့အခါ တရားမဝင်ရွှေတူးတဲ့သူတွေက ဥပဒေကိုချိုးဖောက်လို့ ကျမတို့အနေနဲ့ ဒါကိုဘယ်လိုမှ အားမပေးနိုင်ဘူး။ သို့သော်ငြားလည်း ကျမတို့ရဲ့ ပြည်သူများဟာ ချို့တဲ့လို့ ဒီလိုအလုပ်တွေ လုပ်ရတယ်ဆိုတာကို ကျမတို့ နားလည်ပါတယ်။ ဒါကြောင့်မို့ ဒီလို တရားမဝင်တဲ့အလုပ်တွေ လုပ်ဖို့မလိုအောင်လို့ ကျမတို့ရဲ့ နိုင်ငံကို ဖန်တီးပေးရပါမယ်” လို့လည်း ပြောပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနေ့က ပင်လည်ဘူးမြို့ကိုလည်း သွားခဲ့ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။