Home
မြန်မာသတင်း
ဦးဝှေ့တင်းအား ဖမ်းဆီးထားစဉ် နှိပ်စက်ခဲ့ခြင်းမရှိဟု  မိသားစုပြော
နော်နိုရင်း
·
January 22, 2020
ရက္ခိုင့်တပ်တော်အေအေက ပြန်လွှတ်ပေးလိုက်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ မနေ့ညနေ ၅ နာရီမှာ နေအိမ်ကို ကောင်းကောင်းမွန်မွန်ရောက်ရှိပြီဖြစ်ပြီး ဖမ်းဆီးထားစဉ်က နှိပ်စက်ခဲ့တာမရှိဘူးလို့ သူ့ရဲ့ယောက္ခမ ဦးအောင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။  “သူပြန်ရောက်လာတော့ ကျနော်တို့ ပလက်ဝမြို့နယ်တခုလုံးမှာရှိတဲ့ တိုင်းရင်းသားတွေ အချင်းချင်း တဖက်နဲ့တဖက် သံသယဝင်မှုတွေ အတော်လေး ကင်းရှင်းနိုင်မယ်ဆိုတာ ကျနော်ယူဆ ပါတယ်ဗျာ။ နောက်ပြီးတော့ ကျနော်တို့ ရှေ့ဆက်မယ့် ကိစ္စတွေမှာလည်းပဲ ကျနော်တို့အချင်းအချင်း တဖက်နဲ့တဖက် ရှင်းရှင်းပြောရင် တော်လှန်ရေးအဖွဲ့နဲ့ အစိုးရအဖွဲ့ပေါ့ဗျာ။ နှစ်ဖက်စလုံးက ကျနော်တို့ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုတ်တွေကို အလေးပေးကြဖို့ ကျနော်တို့ အဲဒါကိုပဲ မှတ်ချက်ပြုချင်ပါတယ်။ ” ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ အိန္ဒိယနိုင်ငံသား ၅ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးဟာ နိုဝင်ဘာ ၃ ရက်နေ့က  အမြန်ရေယာဉ်နှစ်စီးနဲ့ ပလက်ဝမှ ကျောက်တော်သို့ အသွားလမ်းခရီးမှာ အေအေ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ ဖမ်းဆီးခံရသူ ၁၀ ဦးထဲက ၉ ဦးကို အေအေက ပြန်လွှတ်ပေးလိုက်ပြီး အမျိုးသား လွှတ်တော်အမတ်  ဦးဝှေ့တင်းကိုတော့ ဆက်လက်ဖမ်းဆီးထားခဲ့တာပါ။  စတင်ဖမ်းဆီးစဉ် ပထမတရက် ကြိုးတွေနဲ့ချည်တာတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကောင်းကောင်းမွန်မွန်သာ ထားရှိတယ်လို့ ဦးဝှေ့တင်းက ပြောကြောင်း ဦးအောင်ကြီးက ဆိုပါတယ်။ “ကျနော်မေးရသလောက်တော့ သူ့ကို တောကနေ ပြန်ခေါ်လာတယ်လို့ ပြောတယ်။ လူသွားလမ်းမဟုတ်တဲ့နေရာကနေ ပြန်ခေါ်လာတယ်လို့ ပြောတယ်။ အဲဒါ သူတို့ ဖမ်းတဲ့နေ့မှာတော့ ကြိုးချည်တယ်လို့ ပြောတယ်။ နောက်ပိုင်းတော့ လွတ်လွတ်လပ်လပ်ပဲ နေတယ်လို့ ပြောတယ်။ နှိပ်စက်တာတို့ဘာတို့ မရှိဘူး ပြောတယ်ဗျာ။ မနေ့က သွားခေါ်တဲ့အဖွဲ့ကို ကျနော် မေးကြည့်တော့ အပေးအယူဆိုတာလည်း ဘာမှမရှိဘူး။ အဓိကတော့ ပလက်ဝမြို့နယ်မှာရှိတဲ့ ချင်းနဲ့ရခိုင် အဓိက အေးအေးဆေးဆေးနေကြဖို့ ဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုတာကို ဆွေးနွေးကြတယ်လို့ ပြောတယ်။ ” ဒီကနေ့မှာတော့ ပြန်လွှတ်လာသူ ဦးဝှေ့တင်းကို ရိုးရာအရ အိမ်မှာ လိပ်ပြာခေါ်တာတွေ၊ ဆွေမျိုးတွေကို ဧည့်ခံ ကျွေးမွေးတာတွေ လုပ်ပေးနေပါတယ်။  ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဇန်နဝါရီ ၂၁ ရက်နေ့က ပလက်ဝမြို့နယ်က လုံခြုံပြီး အန္တရယ်ကင်းတဲ့နေရာတခုမှာ ကောင်းမွန်စွာ ပြန်လည်လွှတ်ပေး လိုက်တယ်လို့ ရက္ခိုင့်တပ်တော်အေအေက ထုတ်ထားပါတယ်။ အခုလို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်ပြောရေးခွင့်ရှိသူ ခိုင်သုခကို ဒီဗွီဘီဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အန်အယ်လ်ဒီပါတီကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မိသားစုဝင်တွေအပါအဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားလွှတ်တော်က ပြန်လွှတ်ပေးဖို့ ထုတ်ပြန်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024