Home
မြန်မာသတင်း
ပညာရေးဒုဝန်ကြီး သပိတ်ကိစ္စ ဆွေးနွေးခဲ့ခြင်းမရှိဟု သပိတ်မှောက်ဦးဆောင်ကော်မတီ ပြော
Aung Aung Naing
·
January 22, 2020
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် လှုပ်ရှားမှု ၁၃ ရက်မြောက်နေ့မှာ ပညာရေးဝန်ဒုဝန်ကြီး လာရောက်တွေ့ဆုံခဲ့ပေမဲ့ သပိတ်ကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့တာ မရှိဘူးလို့ သပိတ်မှောက် ဦးဆောင်ကော်မတီက ဇန်နဝါရီ ၂၁ ရက်နေ့ ၂ နာရီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက် ဦးဆောင်ကော်မတီဝင် ကိုရန်စိုးပိုင်က “ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ကျနော်တို့ဆီကို လာတွေ့တယ်ဆိုတာဟာ ခရီးသွား ဟန်လွဲသာ ဖြစ်တယ်။ ကျနော်တို့ကျောင်းမှာ ဆယ်တန်းစာမေးပွဲအတွက် မေးခွန်းထုတ်တာတွေ စာမေးပွဲ ကုတ်နံပါတ်တွေလုပ်တာတွေ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ဆီကိုလာခဲ့တာပါ။ တကယ်ကျနော်တို့ သပိတ်နဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းတာမျိုး၊ တွေ့ဆုံညှိနှိုင်းတာမျိုး လာတာ မဟုတ်ဘူး”လို့ ပြောပါတယ်။ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အနေနဲ့ နိုင်ငံတော်သမ္မတ ညွှန်ကြားချက်ကို ချိုးဖောက်ပြီး ရင်းနှီးကျွမ်းဝင်တဲ့ လုပ်ငန်းရှင်ကို Food Court လုပ်ပိုင်ခွင့် ပေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြင်းထန်စွာအရေးယူပေးရေး တိုင်ကြားခဲ့တာကြောင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့် ဒုဝန်ကြီးပါတဲ့ စစ်ဆေးရေးအဖွဲ့က ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က စတင်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာဟာ ၄ လကျော်ရှိပြီဖြစ်ပြီး စုံစမ်းစစ်ဆေးမှုရလဒ်ကို ထုတ်ပြန် ပေးတာမရှိတဲ့အတွက် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂသပိတ်မှောက် ဦးဆောင် ကော်မတီအနေနဲ့ စုံစမ်စစ်ဆေးမှုရလဒ်မထွက်မခြင်း ဆက်လက်ပြီး အရှိန်အဟုန်မြှင့်ပြီး သပိတ်မှောက်သွားမယ်လို့ ဆိုပါတယ်။ မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများအနေနဲ့ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ ၁/၂၀၁၇ ကို ဖောက်ဖျက်ပြီး Food Court ဆောက်လုပ်ခဲ့တဲ့ကိစ္စကို တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောက်လုပ်ခွင့်ပြုခဲ့တာကြောင့် ဒီနေ့အထိ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။ Food Court ဆောက်လုပ်မှုကို ကျောင်းသားသမဂ္ဂက ထောက်ခံထားတဲ့ ပုံစံမျိုးနဲ့ လက်မှတ်အတုများထိုးပြီး လုပ်ဆောင်ထားတဲ့အပေါ် ကျေနပ်မှုမရှိဖြစ်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024