မြန်မာနှင့်မလေးရှား ယူ ၂၃ ခြေစမ်းပွဲ ဂိုးမရှိ သရေကျ

6.4K
ရန်ကုန်မြို့သုဝဏ္ဏကွင်းမှာ ဒီနေ့ ယှဉ်ပြိုင်သွားတဲ့ မြန်မာယူ ၂၃ ဘောလုံးအသင်းနဲ့ မလေးရှား ယူ ၂၃ အသင်းတို့ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။
မြန်မာယူ ၂၃ အသင်းနဲ့ မလေးရှား ယူ ၂၃ အသင်းတို့ဟာ ၂၀၁၃ ဒီဇင်ဘာလအတွင်း ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် အကြိုခြေစမ်းခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဒီနေ့ပွဲမှာ ခြေစွမ်းပိုင်း အသာရခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေကို ဖြုန်းတီးခဲ့တဲ့အတွက် အနိုင်မရခဲ့တာလို့ အားကစား ကလောင်ရှင် ကိုစိုးညီက ပြောပါတယ်။
“ခြေစွမ်းပိုင်း ကစားကွက်ပိုင်းမှာ ဒီနေ့ပွဲစဉ်အရဆိုရင်တော့ မြန်မာက အသာရပါတယ်။ ဂိုးသွင်းခွင့်တွေတင် ပထမပိုင်းမှာ ၃ ကြိမ်လောက်ရတယ်၊ ဒုတိယပိုင်းမှာလည်း ၃ ကြိမ်လောက်ရတယ်။ မလေးရှားက တပွဲလုံးမှ ၂ ကြိမ်ပဲ အခွင့်အရေးရတယ်။ ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာလည်း မြန်မာက ၆၀-၄၀ လောက်ရှိမယ်လို့ ထင်တယ်။ ဒါပေမယ့် ဂိုးသွင်းတဲ့အပိုင်းမှာတော့ အားနည်းတယ်။”
မြန်မာအသင်းဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နည်းပြနဲ့ အဆင်မပြေဖြစ်ပြီး ထုတ်ပယ်ခံခဲ့ရတဲ့ တိုက်စစ်မှူးကျော်ကိုကို မပါတာနဲ့ပတ်သက်ပြီးလည်း ကိုစိုးညီက အခုလို ပြောပါတယ်။
“ကျော်ကိုကို မပါတာကလည်း မြန်မာအသင်းရဲ့ တိုက်စစ်ကို ထိခိုက်တာကလည်း အမှန်ပါပဲ။ ကျော်ကိုကိုကလည်း အရည်အချင်းရှိတဲ့ ကစားသမားတယောက်ပါ။ ဒါပေမယ့် သူက သတ်မှတ်ထားတဲ့ စည်းကမ်းတွေ မလိုက်နာဘူး၊ နည်းပြအဖွဲ့အပေါ်မှာ စော်ကားမှုတွေ ပြုလုပ်တယ်ဆိုပြီး ဘောလုံးအဖွဲ့ချုပ်က ထုတ်ထားတယ်။ တခုရှိတာက စည်းကမ်းပိုင်းနဲ့ အရည်အချင်းနဲ့ ဘယ်ဟာကို ဦးစားပေးမလဲဆိုတာတော့ အဖြေရှာရမယ့် ကိစ္စပေါ့။ အခုလက်ရှိ မြန်မာအသင်းမှာ လိုနေတာကလည်း တိုက်စစ်မှူးပေါ့။”
ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေရဖို့ မှန်းထားတဲ့ မြန်မာအသင်းအနေနဲ့ နောက်ထပ် ခြေစမ်းပွဲတွေ ထပ်မံကစားဖို့ လိုသေးသလို အများကြီး ကြိုးစားဖို့ လိုသေးတယ်လို့ ဆိုပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ဖိလစ်ပိုင်အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
