Home
မြန်မာသတင်း
မြောင်းမြမြို့က နှစ် ၈၀ ကျော်သက်တမ်းရှိ မူလတန်းကျောင်း အန္တရာယ်ရှိနိုင်သဖြင့် ပြောင်းရွှေ့
DVB
·
January 21, 2020
ဧရာဝတီတိုင်း၊ မြောင်းမြမြို့ အမှတ် ၂ ရပ်ကွက်ရှိ အမှတ် ၂၀ အခြေခံပညာမူလတန်း ကျောင်းကို နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိလာပြီးဖြစ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးခဲ့ပြီး စာသင်ကျောင်းကို အန္တရာယ်ရှိနိုင်လို့ ရွှေ့ပြောင်းတာတွေကို ဇန်နဝါရီ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရွှေ့ပြောင်းခဲ့ရတဲ့ကျောင်းမှာ ကျောင်းသား ကျောင်းသူ ၁၅၂ ဦးစာသင်ကြားနေပြီး စာသင် ကျောင်းမှာ သက်တမ်းကြာမြင့်လာပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ကျောင်းနံရံတွေ ပြိုကျတာနဲ့ အက်ကြောင်းတွေဖြစ်ပေါ်လာတာတွေကြောင့် မြောင်းမြမြို့နယ် ပညာရေးမှူးရုံးရဲ့ လမ်းညွှန်ချက်နဲ့ ကျောင်းကို ရွှေ့ပြောင်းခဲ့တာလို့ ကျောင်းအုပ်ဆရာကြီး ဦးဟန်မိုးက ပြောပါတယ်။ “လွန်ခဲ့တဲ့ ၁ လလောက်ကစပြီး ကျောင်းနံရံတွေပြိုကျတာတွေရှိတယ်၊ သက်ဆိုင်ရာဌာန ဆိုင်ရာ ဝန်ထမ်းတွေကလာစစ်ဆေးပြီး အဆင့်ဆင့်ကို တင်ပြခဲ့တယ်၊ ဒါပေမယ့် ခုအက် ကြောင်းတွေပါ ဖြစ်ပေါ်လာတာကြောင့် အန္တရာယ်ရှိအဆောက်အဦဖြစ်လာနိုင်တယ်လို့ တာဝန် ရှိတဲ့သူတွေက ပြောလို့ ကျောင်းကိုပြောင်းရွှေ့ခဲ့တာပါ” လို့ အမှတ် ၂၀ အခြေခံမူလတန်း ကျောင်းအုပ် ဆရာကြီး ဦးဟန်မိုးက ဒီဗွီဘီ ကိုပြောပါတယ်။ အန္တရာယ်ရှိအဆောက်အဦအဖြစ် သက်မှတ်ခဲ့တဲ့ မူလတန်းကျောင်းမှာ နံရံတွေပြိုကျတာတွေ ရှိပေမဲ့ အတွင်းပိုင်း ထုပ်တန်းတွေမှာ အခိုင်အမာရှိနေပြီ ကျောင်းဘေး လူနေအိမ် ၅ ထပ်အဆောက်အဦ ဆောက်လုပ်ချိန်မှာ မြေအက်ကြောင်းတွေဖြစ်လာပြီး အနည်းငယ်နိမ့် ဆင်းသွားတာလို့ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျင်ဆန်းက ပြောပါတယ်။ “ကျောင်းပြောင်းရွှေ့ရတာမှန်ပါတယ်၊ အန္တရာယ်ရှိလာနိုင်လို့ ရွှေ့ပြောင်းခဲ့တာပါ၊ ကျောင်းနဲ့ ပတ်သက်ပြီး နောက်စာသင်နှစ်အတွက် ပြင်ဆင်နိုင်ရေး ခရိုင်အဆင့်တာဝန်ရှိသူတွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့မိ မြို့ဖတွေပါဝင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတာတွေ ရှိတယ်။”  ရွှေ့ပြောင်းခဲ့ရတဲ့ မူလတန်းကျောင်းမှာ လွန်ခဲ့တဲ့ ၁ လကျော်ကစတင်ပြီး နံရံတွေ ပြိုကျချိန်မှာ အဆင့်ဆင့်ကိုတင်ပြခဲ့မှုကြောင့် ကျောင်းပြုပြင်ထိန်းသိမ်းဖို့ ဝန်ကြီးဌာနက ကျပ် ၁၇၄ သိန်း ဘတ်ဂျက်ချပေးထားတာမျိုးရှိတယ်လို့ သိရပါတယ်။ အန္တရာယ်ရှိအဆောက်အဦအဖြစ် သတ်မှတ်ခဲ့တဲ့ အမှတ် ၂၀ အခြေခံပညာမူလတန်း ကျောင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကျော် ၉၀ ဝန်းကျင်အချိန်က တရုတ်စာသင်ကျောင်းအဖြစ် တော်လှန်ရေးကောင်စီအစိုးရတက်တဲ့အချိန်မှာ ပြည်သူပိုင်သိမ်းပြီး စာသင်ကျောင်းတွေ ပြန်လုပ်ချိန်မှစတင်ကာ စာသင်နှစ် ၆၂ နှစ်သက်တမ်းရှိပြီလို့ မြို့ခံများတွေက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024