ရန်ကုန်-ကျောက်ဖြူ ခရီးသည်တင်ကား ချောက်ထဲထိုးကျ၊ ၄ ဦးသေဆုံး
ဝဏ္ဏခွာညို
·
January 20, 2020
ရန်ကုန်ကနေ ကျောက်ဖြူကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစီး ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက အရှိန်လွန်ပြီး ချောက်ထဲထိုးကျသွားလို့ ကားပေါ်ပါလာတဲ့ခရီးသည် ၄ ယောက် သေဆုံးသွားပါတယ်။
မျိုးဆက်သစ်ခရီးတင်ကားဟာ ရန်ကုန်- ကျောက်ဖြူ ကားလမ်းမ ရမ်းဗြဲမြို့နယ် ကုလားပုန်း အုပ်စုအနား ပိန္နဲတောင်အကွေ့မှာ ပေ ၃၀ ချောက်ထဲ ထိုးကျသွားတာဖြစ်ပြီး ၄ ယောက် သေဆုံးခဲ့ပြီး သေဆုံးတဲ့အထဲမှာ ကလေး ၂ ဦးပါဝင်ပါတယ်။
ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့မြို့နယ်ရဲမှူးဇော်ဝင်းက “ကျနော်တို့ သတင်းရတာကတော့ ၄ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ ၅ ယောက်ပါ။ မစိုးရိမ်ရပါဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့ ကျနော်တို့က စနဲဆေးရုံကို လိုက်ပို့လိုက်ပါတယ်။ သေဆုံးသူတွေကိုတော့ ကျောက်ဖြူမြို့ ခွဲရုံကိုပို့ပြီး သေဆုံးတဲ့ အထဲမှာ ကားအောက်ဘီးမှာ ပိပြီးသေဆုံးနေတဲ့ အမျိုးသမီးတယောက်ကိုတော့ ဆွဲထုတ်ရတဲ့ အခြေအနေ ရှိနေတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
ဒဏ်ရာရတဲ့ ၅ ဦးကတော့ စိုးရိမ်းစရာမရှိဘဲ ဦးခေါင်းပေါက်ပြဲဒဏ်ရာအနည်းငယ် ခြေထောက် တွေမှာ အနည်းငယ်ဒဏ်ရာရရှိသွားပြီး ကျောက်ဖြူမြို့နယ် စနဲဆေးရုံးကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်က ကျောက်ဖြူကိုမောင်းလာတဲ့ အဲ့ဒီမျိုးဆက်သစ်ခရီးသည်းကားပေါ်မှာ ခရီးသည် ၃၅ ယောက်လာပြီ တောင်ကုတ်မှာ ၁၃ ယောက်ဆင်းသွားပြီး ခရီးသည် ၂၂ ယောက်သာ ကျောက်ဖြူကို ဆက်လက်လိုက်ပါလာတာပါ။