နေပြည်တော်တွင် အငြိမ်းစားဝန်ထမ်းများ အငှားအိမ်ရာ လျှောက်ထားနိုင်
DVB
·
January 20, 2020
နေပြည်တော်မှာ အငှားဝန်ထမ်းအိမ်ရာဆောက်လို့ပြီးသွားတာကြောင့် ဦးစီးအရာရှိအဆင့်အောက် အငြိမ်းစားဝန်ထမ်းတွေ လျှောက်ထားနိုင်ပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
နေပြည်တော်မှာ အခြေချနေထိုင်လိုသူတွေအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက တဆင့် အမြဲတမ်းအတွင်းဝန် လက်မှတ်ရေးထိုးပြီး အခု ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား လျှောက်ရမယ်လို့ ဆိုပါတယ်။
ဒက္ခိဏသီရိမြို့နယ်က မြေ ၃၂ ဧကပေါ်မှာ ဆောက်ထားတာဖြစ်ပြီး ၁၂ ခန်းပါတဲ့ ၅ ထပ် အဆောက်အအုံ ၅ လုံး ပြီးစီးသွားတာကြောင့် အခန်း ၃၀၀ ရှိတာပါ။
အခု အငှားအိမ်ရာချထားမယ့်နယ်မြေမှာ ကိုယ်ပိုင်အိမ်မရှိတဲ့ နေရာအခက်အခဲရှိသူ၊ သတ်မှတ်တဲ့ ငှားခကို ပေးနိုင်တဲ့ဝင်ငွေရှိသူ၊ ကျန်းမာရေးချို့တဲ့သူနဲ့ စောင့်ရှောက်မယ့် ဆွေမျိုးမရှိသူတွေကို ဦးစားပေး ငှားရမ်းမှာဖြစ်ပါတယ်။
တကြိမ်မှာ ၅ နှစ်သက်တမ်း ငှားမှာဖြစ်ပြီး ငှားခတွေကို ၅ နှစ်တကြိမ် သုံးသပ်ပြင်ဆင်မယ်လို့လည်း ဆိုပါတယ်။
လျှောက်လွှာတွေကို အခန်းနေရာချထားရေးကော်မတီ၊ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄၀)၊ နေပြည်တော်ကို လိပ်မူပေးပို့ရမှာဖြစ်ပြီး ဒီအမည်စာရင်းတွေကို နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတည်ဆောက်ရေးကော်မတီဆီကို တင်ပြ အတည်ပြုချက်ယူမယ်လို့ ဆိုပါတယ်။