ဟင်္သာတခရိုင်အတွင်း တိုက်လေယာဉ်များ စမ်းသပ်ပျံသန်းမည်
DVB
·
January 20, 2020
ဟင်္သာတခရိုင်အတွင်းမှာ တပ်မတော်က အသံထက်မြင့်တဲ့နှုန်းနဲ့ တိုက်လေယာဉ် စမ်းသပ် ပျံသန်းမှာ ဖြစ်တာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြဖို့ မြို့နယ်တွေနဲ့ ကျေးရွာတွေကို အကြောင်းကြားထားတယ်လို့ အင်္ဂပူမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟက ပြောပါတယ်။
"ဟုတ်ပါတယ် တပ်မတော်လေတပ်က ဇန်နဝါရီ ၂၀ ရက်ကနေ ၂၄ ရက်အတွင်းမှာ ရာသီဥတုအပေါ်ကို အခြေခံပြီး စမ်းသပ်မောင်းနှင်မှာပါ။ ကျနော်တို့အနေနဲ့ ဒေသတွင်း ကျေးရွာအုပ်စုတွေကို အကြောင်းကြားစာပို့ထားပါတယ်။ အဓိက အထိတ်တလန့် မဖြစ်စေဖို့ ရည်ရွယ်ပြီး ခုလိုအကြောင်းကြားရတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းက မြို့နယ်တွေနဲ့ ကျေးရွာတွေကို တိုက်လေယာဉ် စမ်းသပ်ပျံသန်းမယ့်အကြောင်း အသိပေးအကြောင်းကြားတာလို့ ဆိုပါတယ်။
ဒီဗွီဘီက ရရှိထားတဲ့ အကြောင်းကြားစာထဲမှာတော့ “တိုက်ခိုက်ရေးယာဉ်များသည် (၂၀-၁-၂၀၂၀) ရက်နေ့မှ (၂၄-၁-၂၀၂၀) ရက်နေ့အထိ ရာသီဥတု ကောင်းမွန်ချိန်များတွင် Supersonic Flight (အသံထက်မြင့်သောနှုန်းဖြင့် လေယာဉ်ပျံသန်းခြင်း) အမြင့်ပေ ၁၂၀၀ မီတာမှ လေယာဉ်ပျံသန်းမည်ဖြစ်၍ အထက်ကောင်းကင်၌ ပေါက်ကွဲသံများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း တိုင်းစစ်ဌာနချုပ်မှ ညွှန်ကြားလာမှုအပေါ် ရည်ညွှန်းပါစာဖြင့် ဆက်လက်အကြောင်းကြား လာပါသည်။” လို့ ဖော်ပြထားပါတယ်။
တိုက်လေယာဉ်တွေဟာ မင်္ဂလာဒုံလေတပ်ဌာနချုပ် လေတပ်ခွဲ (မှော်ဘီ)က တိုက်လေယာဉ်တွေ ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ကလည်း စမ်းသပ်ပျံသန်းခဲ့ဖူးပါတယ်။
အင်္ဂပူမြို့နယ် မဲဇလီကုန်းဒေသ ဦးဖိုးထွန်းကတော့ "မနှစ်ကတော့ လန့်တာပေါ့။ ခုနှစ်တော့ တပ်မတော်က အဆင့်ဆင့်အကြောင်းကြားထားတော့ အထိတ်တလန့် မဖြစ်တော့ဘူးပေါ့။ ဒါမျိုးတပ်မတော်က အစဉ်အလာအနေနဲ့ ပြည်သူကို အလေးထားတာ ကြိုဆိုပါတယ်" လို့ ပြောပါတယ်။