ဆီဆိုင်မြို့နယ်တွင် ငွေကျပ် သိန်း ၉၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
January 20, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်-မောက်မယ်သွား ကားလမ်းမပေါ် လွယ်ပွတ်ရွာအနီးမှာ ကားနှစ်စီးပေါ်ကနေ ဇန်နဝါရီ ၁၉ ရက်နေ့က ငွေကျပ် သိန်း ၉၀၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့် မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ဆီဆိုင်ရဲစခန်းက ပြောပါတယ်။
ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်က “ဖမ်းဆီးရမိတာကတော့ ဘိန်းညိုမှုန့် ၁ ကီလိုခန့် အထုပ် (၉၀) အလေးချိန် ၉၀ ကီလို၊ တန်ဖိုးငွေက တစ်ကီလို ၁၀၀ ကျပ်နှုန်းနဲ့ သိန်း ၉၀၀၀၊ လမ်းကြောင်း ပြောင်းပြန် ဖယ်ခုံနေ မောက်မယ်ကိုသွားတာ ဘိန်းချက်စက်ရုံကိုပို့ ဖို့ထင်တယ်ကြည့်ရတာ။ ကျနော်တို့က သတင်းရရင် ရသလိုဖမ်းနေတယ်။ ဒါက ကျနော်တို့နိုင်ငံ၊ တိုင်းပြည်၊ ဒေသအတွက် အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးကို တာဝန်ရှိသူတယောက်အနေနဲ့ ဆက်လက်ဖမ်းဆီးနေဦးမှာပါ” လို့ ပြောပါတယ်။
မူးယစ်ဆေးတွေနဲ့ ဖမ်းမိတဲ့သူဟာ ဖယ်ခံမြို့နယ်၊ မိုးဗြဲမြို့ ပွဲကုန် ၃ ရပ်ကွက်နေ အန်တောနျို့ အသက် ၃၆ နှစ်နဲ့ ဖယ်ခုံ မြို့ လအီ (မြောက်ရွာ)နေ စိုင်းနေလင်းတို့ ဖြစ်ပြီး ဘန်းယဉ်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၁၉ က/၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။
ဆီဆိုင်မြို့ နယ်မှာ ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါး သုံးကြိမ်ဖမ်းဆီးရမိပြီး အခုအကြိမ်က တန်ဖိုးအများဆုံးဖြစ်ပါတယ်။
ခွန်ရာဇာ