၈ ရက်ကြာပျောက်ဆုံးနေသူအလောင်း မင်းပြားမြို့နယ် အုန်းတောထဲ၌ တွေ့ရှိ
ဝဏ္ဏခွာညို
·
January 19, 2020
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီကျေးရွာက ၈ ရက်ကြာပျောက်ဆုံးနေတဲ့ ကိုဇော်ဝင်းသိန်းအလောင်းကို ဇန်နဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းက ဇောက်ချောင်းအုန်းတောထဲ တွေ့ရှိခဲ့တယ်လို့ ဖခင်ဖြစ်သူကပြောဆိုပါတယ်။
“အလောင်းကိုတွေ့တာ မေလွမ်းအလွန် အုန်းတောထဲမှာတွေ့တာ။ တွေ့တဲ့အချိန်မှာလည်း ပုပ်ပွနေပြီ၊ မျက်နှာတွေ၊ ဦးခေါင်းတွေ ရိုက်နှက် ထုရိုက်ထားတာတွေအများကြီးပဲ၊ ညာဘက်ရင်ဘတ်အောက်က လက်မောင်းအောက်မှာလည်း ဓားနဲ့ထိုးဒဏ်ရာတချက်တွေ့တယ်။ ကျန်တဲ့နေရာတွေမှာက အကုန်ထိုးရိုက်ထားတာတွေ့တယ်။”
ကိုဇော်ဝင်းသိန်းဟာ ဇန်နဝါရီ ၁၀ ရက်နေ့ က ကားအပိုပစ္စည်းတွေကို သွားရောက်ဝယ်ဖို့ မင်းပြားမြို့ကို ဆိုင်ကယ်တစီးနဲ့ ရွာကနေ ညနေပိုင်း ၃ နာရီလောက်မှာထွက်သွားပြီးနောက် မင်းပြားမြို့မှာတညအိပ်ပြီး ဇန်နဝါရီ ၁၁ ရက်မနက်ပိုင်းက မေလွမ်းကျေးရွာအနီးမှာ ပျောက်ဆုံးသွားတာကို့ ဖခင်ဖြစ်သူက ပြောပါတယ်။
သေဆုံးသူ ကိုဇော်ဝင်းသိန်းရဲ့ အလောင်းကိုတော့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ဂူသွင်းသင်္ဂြိုဟ်လိုက်ပြီလို့ မိသားစုဝင်တွေကပြောဆိုပါတယ်။
ဒီဖြစ်စဉ်မတိုင်ခင် ဇန်နဝါရီ ၁၁ ရက် မနက် ၅ နာရီလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ မေလွမ်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တာရှိသလို မင်းပြားကျိန်းတောင်ဘုရားကနေ အမြောက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကလည်း မြောက်ဦးကွမ်းတောင်ကျေးရွာကနေ မြေပုံမြို့နယ်ညောင်းကန်ကျေးရွာကိုသွားတဲ့ စက်လှေနဲ့မိသားစု ၃ ယောက် မေလွမ်းကျေးရွာ အနီးမှာ တပ်မတော်စစ်ကြောင်းတခုက ပစ်ခတ်တဲ့ကျည်ထိမှန်ခဲ့တာကြောင့် ၁၀ လသားအရွယ် ကလေးငယ် သေဆုံးခဲ့တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။