တရားရုံးများတွင် ဒီအန်အေ စစ်ဆေးချက်ကို သက်သေခံအဖြစ် သုံးရန် ဆောင်ရွက်မည်
DVB
·
February 22, 2013
မကြာမီကာလအတွင်း တရားရုံးတွေမှာ ဒီအန်အေ စစ်ဆေးချက်တွေကို သက်သေခံချက် အဖြစ် အသုံးပြုနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တရားလွှတ်တော်ချုပ်၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအေးက သူတို့အရပ်မှာ တက္ကသိုလ်ဝင်တန်း ကျောင်းသူ တယောက် ကိုယ်လေးလက်ဝန် ဖြစ်သွားတဲ့အမှုမှာ စွပ်စွဲခံရသူက ဒီအန်အေ စစ်ဆေးပေးဖို့ တောင်းဆိုခဲ့တာကို သက်ဆိုင်ရာ တရားသူကြီးတွေက ငြင်းပယ်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး မေးမြန်းတဲ့အပေါ် တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဦးမြင့်အောင်က ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရန်ကုန် အမျိုးသားဓာတ်ခွဲဌာနမှာ ဒီအန်အေ စစ်ဆေးနိုင်ပြီး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကလည်း ဒီအန်အေ စစ်ဆေးချက်ကို သက်သေခံချက်အဖြစ် လက်ခံနိုင်ပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းထားတာ မရှိသေးတဲ့ အောက်မှာ သက်သေခံချက်အဖြစ် အသုံးမပြုနိုင်သေးတာ ဖြစ်ကြောင်း ရှင်းပြပါတယ်။