သရက်ကန် ရေနံမှော်တွင် မီးလောင်၊ ၃ ဦး ဒဏ်ရာရ
DVB
·
January 19, 2020
မကွေးတိုင်း၊ ပေါက်မြို့နယ် သရက်ကန်ကျေးရွာ အရှေ့မြောက်ဘက် ၂ မိုင်လောက်အကွာရှိ တွင်းတိမ်လက်ယက်တွင်း ရေနံမှော်မှာ ဇန်နဝါရီ ၁၈ ရက်၊ ညနေ ၄ နာရီခွဲလောက်က ရေနံတွင်း မီးလောင်မှု ဖြစ်ခဲ့တာကြောင့် တွင်းအလုပ်သမား ၃ ဦး မီးလောင်ဒဏ်ရာရခဲ့ပြီး တဦး စိုးရိမ်ရတယ်လို့ ပေါက်မြို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။
အဲဒီရေနံမှော်က ရေနံတွင်းကနေ ရေနံနဲ့ ဂက်စ်တွေ လျှံထွက်လာပြီး အနီးက အင်ဂျင်စက်က ထွက်တဲ့ မီးပွားနဲ့ ထိတွေ့ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ပေါက်မြို့ မီးသတ်ဦးစီးဌာနမှ စခန်းမှူး ဦးဟိန်းသူက ပြောပါတယ်။
“ရေနံတွင်း မီးစတင်လောင်ကျွမ်းတဲ့အချိန်မှာ အလုပ်သမား သုံးဦး မီးလောင်ခံရပါတယ်။ တဦးက စိုးရိမ်ရလို့ ပခုက္ကူမြို့ ဆေးရုံကို ပို့ထားရတယ်။ ကျန်နှစ်ဦးက မြိုင်မြို့ ဆေးရုံကို ပို့ဆောင်ထားပါတယ်။”
ရေနံတွင်း မီးလောင်မှုကို ပေါက်မြို့ မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ရေခါး မီးသတ်တပ်ဖွဲ့ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ လက်ပံတို မီးသတ်တပ်ဖွဲ့ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ အရပ်ဘက် ရေသယ်ယာဉ် ၅ စီး၊ သန္ဓေ၊ အရံ တပ်ဖွဲ့အင်အား ၅၀ ကျော်နဲ့ မီးငြှိမ်းသတ်ခဲ့လို့ ည ၁၁ နာရီ အချိန်လောက် မီးငြိမ်းသွားတယ်လို့ ပေါက်မြို့ ဆိုပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး တွင်းပိုင်ရှင်ကို ပေါက်မြို့ ရေပြာနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း အဲဒီရေနံမှော်က ရေနံတွင်းနှစ်တွင်း မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပြီး တရက်ကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)၊ ဓာတ်ပုံ - မီးသတ်တပ်ဖွဲ့