Homeမြန်မာသတင်း
မကွေးတိုင်း ရေနံ လက်ယက်လုပ်ငန်းများမှ ၃ လအတွင်း ရန်ပုံငွေ ကျပ်သိန်း ၃ သောင်းကျော် ရရှိ
မကွေးတိုင်း ရေနံ လက်ယက်လုပ်ငန်းများမှ ၃ လအတွင်း ရန်ပုံငွေ ကျပ်သိန်း ၃ သောင်းကျော် ရရှိ
DVB
·
January 19, 2020
မကွေးတိုင်းအတွင်း ရေနံလက်ယက် တွင်းတိမ်လုပ်ငန်းများမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ ၃ လအတွင်း ရန်ပုံငွေ ကျပ်သိန်း ၃ သောင်းကျော် ရရှိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင်ဇော်က ပြောပါတယ်။
“သယံဇာတနဲ့ပတ်သက်လာရင် ပြည်ထောင်စုက အားလုံးစီမံတာ ဖြစ်ပါတယ်။ မကွေးတိုင်းအတွင်းရှိ ရေနံလက်ယက် တွင်းတိမ်လုပ်ငန်းနဲ့ပတ်သက်လို့ ထုပ်ယူခွင့်၊ မြေငှားခ အခွန်အခတွေကိုလည်း ပြည်ထောင်စုက စီမံတာပါ။ ကျနော်တို့က ပြင်ပရေနံစိမ်း သယ်ဆောင်ခွင့်အတွက် မျှောစာကိုသာ ထုတ်ပေးရတာ။”
မကွေးတိုင်းအစိုးရအနေနဲ့ တရားဝင် ခွင့်ပြုထားတဲ့ ရေနံမှော်တွေ တိုင်းပြင်ပ သယ်ဆောင်ခွင့်အတွက် ရေနံစည် ၁ စည် (ဂါလန် ၅၀ ဆံ့) အတွက် ဝန်ဆောင်ခ ၅၀၀၀ ကျပ်နှုန်း ကောက်ခံပြီး ၂၀၁၉၊၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ ၃ လအတွင်း ရေနံစည်ပေါင်း ၆၅၉၂၃၅ စည်အတွက် ဝန်ဆောင်ခ ကျပ်သိန်း ၃ သောင်းကျော် ရရှိခဲ့တာလို့ ဝန်ကြီးက ရှင်းပြပါတယ်။
ရေနံစိမ်း တင်ဆောင်ရာမှာ ၂၂ ဘီးယာဉ်၊ ဘီး ၂၀ ယာဉ်တို့နဲ့ သယ်ဆောင်ခွင့် ၁၅၅ စည်၊ ၁၈ ဘီးယာဉ်ကို ၁၄၀ စည်၊ ၁၄ ဘီးယာဉ်ကို စည် ၁၀၀၊ ၁၂ ဘီးနဲ့ ၁၀ဘီးယာဉ်ကို စည် ၈၀ နဲ့ ၈ ဘီးယာဉ်ကို စည် ၆၀ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် တရားမဝင် ပိုမိုတင်ဆောင်ခွင့်မပြုရေးအတွက်လည်း မင်တုန်းမြို့နယ်နဲ့ မြိုင်မြို့နယ်တို့မှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ထားပြီး စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုခံယူပြီးမှ သယ်ဆောင်ခွင့်ပြုတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)