အိန္ဒိယနိုင်ငံတွင် စက်ဘီးဗုံး ပေါက်ကွဲ၊ ၁၄ ဦး သေဆုံး

5.6K
အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘက်မြို့တော်မှာ စက်ဘီးဗုံး ပေါက်ကွဲမှု ၂ ခု ဆက်တိုက်ဖြစ်လို့ လူ ၁၄ ဦး သေဆုံးပြီး ၁၁၉ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဆူရှေးလ် ကူးမားရှင်းဒီက ဒီနေ့ ပြောကြားပါတယ်။
မြို့တော်ရဲ့စီးပွားရေးဇုန်က အိုင်တီစင်တာမှာ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဆီ ဝန်ကြီး ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပြီး ခုလို အတည်ပြု ပြောကြားလိုက်တာပါ။
ဒီပေါက်ကွဲမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဒီ သူရဲဘောကြောင်တဲ့ လုပ်ရပ်အတွက် တာဝန်ရှိတဲ့သူတွေကို ပြစ်ဒဏ်ပေးသွားမယ်လို့ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဆိုပါတယ်။
ဟိုက်ဒြာဘက် မြို့တော်က သဘောထားတင်းမာနေကြတဲ့ ဟင်ဒူနဲ့ မွတ်စလင်တွေ အကြား အကြမ်းဖက်အဓိကရုဏ်းတွေကို တားဆီးဖို့ ရဲတွေကို နေရာချထားပြီး ဒီပေါက်ကွဲမှု မဖြစ်ခင် ရက်ပိုင်းတွေမှာ ရဲတပ်ဖွဲ့က သတိပေးနှိုးဆော်ချက်တွေ လုပ်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီကိစ္စကို ဘယ်သူလုပ်တယ် ဆိုတာတော့ လတ်တလောမှာ မသိရှိရသေးဘဲ စွပ်စွဲပြောဆိုဖို့ကလည်း စောပါသေးတယ်လို့ ဝန်ကြီး ရှင်းဒီက ဆိုပါတယ်။
