ဖားကန့်တွင် ကမ်းပါးပြိုကျသဖြင့် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
January 19, 2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်စံကျေးရွာအနီးက စိုင်းအင်ဝိုင်း ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မနေ့ည ၉ နာရီခွဲလောက်က မြေကမ်းပါးယံပြိုကျခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အမြင့်ပေ ၅၀၀ ကျော်လောက်ကနေ ကျောက်စိမ်းကမ်းပါးနံရံပြိုကျခဲ့တာဖြစ်ပြီး ကမ်းပါး အောက်မှာ လုပ်ငန်းလုပ်နေတဲ့ ဘက်ဟိုး မြေတူးစက် နှစ်စီး နစ်မြုပ်သွားခဲ့ပါတယ်။
မြေတူးစက် ဘက်ဟိုး မောင်းသူနှစ်ဦးအနက် တဦးမှာ ဘက်ဟိုးနဲ့အတူ နစ်မြုပ်သွားခဲ့ပြီး ကျန်တဦးကတော့ ဒဏ်ရာအနယ်ငယ်သာ ရရှိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေတယ်လို့ ကုမ္ပဏီတာဝန်ခံ ကိုထွန်းဦးက ပြောပါတယ်။
စက်ယန္တရားနဲ့အတူ နစ်မြုပ်သွားသူကတော့ မကွေးတိုင်း စလင်းမြို့နယ် ဖအိုင်းရွာက ကိုနေအောင် (အသက် ၂၃ နှစ်) လို့ သိရပါတယ်။
နစ်မြုပ်သွားတဲ့ သေဆုံးသွားသူကို ကယ်ဆယ်ဖော်ယူဖို့ စက်ယန္တရားနှစ်စီးနဲ့ ပြင်ဆင်နေတယ်လို့ ကုမ္ပဏီတာဝန်ခံကပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ လောက်ကလည်း လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီးမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဇော်မိုးထက် (ဖားကန့် )