မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော် (ဓာတ်ပုံ)
DVB
·
January 19, 2020
ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ တိုင်းပြည်ရဲ့ သဘာဝသယံဇာတရင်းမြစ်တွေကို ကာကွယ်ကြဖို့ စုဝေးဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
တရုတ်သမ္မတ မြန်မာနိုင်ငံကို ၂ ရက်ကြာ ရောက်ရှိနေစဉ်အတွင်း အခုလို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒဖော်ထုတ်သူတွေဟာ တရုတ်သမ္မတကြီး ရှီကျင့်ဖျင်ထံ အိတ်ဖွင့်ပေးစာ ပေးအပ်ဖို့အတွက် မူလက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံကနေ တရုတ်သံရုံးကို လမ်းလျှောက်ချီတက်ဖို့ စီစဉ် ထားပေမယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်ကြောင့် အိတ်ဖွင့်ပေးစာပါ အကြောင်းအရာတွေကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဖော်ပြခဲ့ကြပြီး အစီအစဉ်ကို အဆုံးသတ်ခဲ့ကြပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇန်နဝါရီ ၁၈ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ မြန်မာအစိုးရခေါင်းဆောင်တွေရဲ့ တွေ့ဆုံပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းအပါအဝင် နားလည်မှုစာချွန်လွှာ ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ပေမယ့် မြစ်ဆုံစီမံကိန်းကိစ္စတော့ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
Photo - Ye Myo Khant / MPA