A d v e r t i s e m e n t With Us

ပြစ်မှုဆိုင်ရာများနှင့်ပတ်သက်၍ ဥပဒေရေးရာ အမေးအဖြေ

အာမခံပေးမှု၊ ဆက်သွယ်ရေးဥပဒေ၊ နိုင်လွတ်လုံ ဥပဒေ၊ မျက်မြင်သက်သေ တိမ်းရှောင်နေမှု စတဲ့  ပြစ်မှုဆိုင်ရာ ဥပဒေရေးရာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဦးခင်မောင်မြင့် (ဥပဒေအကြံပေး) နဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး ။ “ဆရာခင်ဗျား။ ကျနော့်မိတ်ဆွေတဦးက  ပြစ်မှုတခုနဲ့ စွပ်စွဲခဲ့တဲ့ အမျိုးတော်သူ တယောက်ကို အာမခံပေးထားပါတယ်။ တရားရုံးကလည်း အဲဒီလူကို ရုံးချိန်းကင်းလွတ်ခွင့် ပြုထားပါတယ်။ စွပ်စွဲခံရသူကို အပြစ်ရှိကြောင်း စွဲချက်တင်ပြီး အမှုကိုစစ်ဆေးပြီးနောက် အမိန့်ချမယ့်နေ့မှာ အဲဒီတရားခံက ခရီးလွန်နေတယ်ဆိုပြီး ရုံးမလာပါဘူး ။ အာမခံပေးထားတဲ့ ကျနော့်မိတ်ဆွေမှာ အပြစ်ရနိုင်သလား။ ဘယ်လိုအပြစ်မျိုး ချမှတ်နိုင်သလဲ။ ပြီးတော့ ရုံးချိန်း ကင်းလွတ်ခွင့်ပြုထားတဲ့ တရားရုံးအပေါ်မှာကော တာဝန်မရှိဘူးလား ဆိုတာကို သိပါရစေ။” ဖြေ ။ မေးခွန်းအရ နှစ်ပိုင်း ပါဝင်ပါတယ်။ တပိုင်းက အချုပ်လွတ် ထုချေခွင့်လို့ သိကြတဲ့ အာမခံပေးတဲ့အပိုင်းပေါ့၊ နောက်တပိုင်းကတော့ ရုံးချိန်းလာရောက်တာကနေ ကင်းလွတ်ခွင့် ပေးတာပေါ့။ ရာဇဝတ်မှုနဲ့ တရားစွဲဆိုကြတဲ့အခါမှာ တရားစွဲဆိုခံရသူ၊ သို့မဟုတ် တရားခံကို အချုပ်လွတ် ထုချေခွင့်ပြုတယ်ဆိုတာက သူ့ကို ကျင့်ထုံးဥပဒေအရ သက်ညှာခွင့်ပြုတာပေါ့။ အမှုနဲ့ပတ်သက်ပြီး အပြည့်အဝ ထုချေရှင်းလင်းနိုင်ဖို့ ခွင့်ပေးတာပေါ့။ အဲဒီလို အာမခံပေးလိုက်ပြီ ဆိုတဲ့အခါမှာ ဘာပေါ်လာလဲ ဆိုတော့၊ ရုံးချိန်းနေ့တွေမှာ စွပ်စွဲခံရသူက ရုံးရှေ့ကို ရောက်ပြီး မပျက်မကွက် အစစ်ဆေးခံဖို့အတွက် လိုအပ်ပါတယ်။ စစ်ဆေးမခံဘူး ဆိုရင် အမှုက နှောင်နှေးကြန့်ကြာနိုင်တယ်။ အမှုအမှန် မပေါ်ပေါက်နိုင်ပါဘူး။ အဲဒီအတွက် တရားရုံးက အာမခံပေးတဲ့အချိန်မှာ ရုံးရှေ့ကို ရုံးချိန်းနေ့တွေမှာ မပျက်မကွက် လာရောက်ပါမယ် ဆိုတဲ့ ခံဝန်ချုပ် ချုပ်ဆိုပါတယ်။ အာမခံသူ နှစ်ယောက်နဲ့ သင့်လျော်တဲ့ ခံဝန်တန်ဖိုး သတ်မှတ်ပြီး ချုပ်ဆိုပါတယ်။ ဒီလို ချုပ်ဆိုပြီးတော့မှ ရုံးရှေ့ကို လာဖို့ ပျက်ကွက်တယ်။ ရိုးရိုးပျက်ကွက်တာမျိုး ဆိုရင်တော့ ခိုင်လုံတဲ့ အထောက်အထားတွေ၊ ဆေးဆိုလည်း ဆေးလက်မှတ် တင်ပြပြီး ခွင့်ပြုပေးပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေ မရှိဘဲနဲ့ ရုံးချိန်းပျက်ကွက်နေတယ်ဆိုရင်၊ အာမခံပေးလိုက်တာကို အကြောင်းပြုပြီး ရှောင်တိမ်းနေတယ် ဆိုတဲ့ ယုံကြည်လောက်တဲ့ အထောက်အထားတွေေ ပေါ်လာရင် တဖက်က တရားလိုကလည်း ပေးထားတဲ့ အာမခံကို ရုပ်သိမ်းခွင့် လျှောက်ထားပိုင်ခွင့် ရှိပါတယ်။ သို့မဟုတ် တရားရုံးကိုယ်တိုင်ကပဲ  တရားခံရဲ့ ပြုမူဆောင်ရွက်ချက်သည် ရိုးဖြောင့်မှု မရှိဘူး၊ အာမခံ ရုပ်သိမ်းသင့်တယ်လို့ သူ့ဆင်ခြင်တုံတရားအရ သိတဲ့အခါမှာလည်း အာမခံကို ရုပ်သိမ်းပါတယ်။ အဲဒီလို ရုပ်သိမ်းရင် ခုနက သူ့ကို ရုံးရှေ့ကို မပျက်မကွက် လာရောက်ဖို့အတွက် အာမခံပေးထားတဲ့ ခံဝန်ချုပ်ဆိုသူ နှစ်ဦးက တရားရုံးမှ တင်ထားတဲ့ ခံဝန်တွေကို ပေးလျော်ရပါတယ်။ ကိုယ်က ဒါကို မပေးလျော်နိုင်ဘူးဆိုရင် ကိုယ် အာမခံပေးမယ့်သူကို ဘယ်လောက် ယုံကြည်သလဲဆိုတာ ပထမဆုံး သိဖို့ လိုအပ်ပါတယ်။ နောက်တခုက အချုပ်လွတ်ထုချေခွင့်ဆိုတာ တရားရုံးကနေ စွပ်စွဲခံရသူတွေရဲ့ အခြေအနေပေါ်မှာ သက်ညှာမှုပေးတာပါ။ ဥပမာ- စွပ်စွဲခံရသူက ရာဇဝတ်ပြစ်မှုတခုနဲ့ စွပ်စွဲခံရတာ မှန်တယ်။ သို့သော် သူက ကိုယ်ဝန် နေ့စေ့ လစေ့ကြီး ဖြစ်နေတယ်၊ သို့မဟုတ် နာတာရှည်လူနာ ဖြစ်နေတယ်၊ သို့မဟုတ် မသန်စွမ်းဖြစ်နေတယ်၊ သို့မဟုတ် အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်နေတဲ့သူ ဖြစ်နေမယ်၊ သို့မဟုတ် အင်မတန်အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်နေရတဲ့ နိုင်ငံ့ဝန်ထမ်း အကြီးအကဲတွေ၊ ဌာနအဖွဲ့အစည်းက လူတွေ ဖြစ်နေမယ်ဆိုရင် တရားရုံးက ဆင်ခြင်တုံတရားအရ ရုံးရှေ့ လာရောက်ခွင့် ကင်းလွတ်ပါတယ်။ ကိုယ်တိုင်စစ်ဆေးတာက လွဲလို့ ကျန်တဲ့သက်သေတွေ စစ်ဆေးနေတဲ့အချိန်မှာ ရုံးရှေ့ လာရောက်ခွင့်က ကင်းလွတ်ခွင့်ပေးပါတယ်။ သူ့ရဲ့ကိုယ်စား သူ့အကျိုးဆောင်ရှေ့နေကနေပြီးတော့ တာဝန်ယူ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အာမခံပေးလိုက်တဲ့အတွက် ပေးထားသူတွေက စွပ်စွဲခံရသူ ရုံးရှေ့ မလာရောက်ဘဲ ပျက်ကွက်ရင်၊ သို့မဟုတ် တိမ်းရှောင်နေလို့၊ ခံဝန်ချုပ်ပေးထားတဲ့ ငွေတွေနဲ့ ပတ်သက်လို့၊ တရားရုံးအနေနဲ့ တရားရုံးရှေ့ လာရောက်ဖို့ ပျက်ကွက်တဲ့အတွက်တော့ တရားရုံးမှာ ဘာတာဝန်မှ မရှိပါဘူး။ တရားရုံးက သူ့ရဲ့ လုပ်ရိုးလုပ်စဉ် သဘောအတိုင်း ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ အဲဒီတော့ မေးခွန်းကို ချုံ့ရရင် တရားခံကို အာမခံပေးတော့မယ်ဆိုရင် ကိုယ်ကိုယ်တိုင်က အာမခံပေးမယ့်သူရဲ့ ကိုယ်ကျင့်တရားနဲ့ တရားရုံးကို ပုံမှန်လာမယ့်သူ ဟုတ်၊ မဟုတ်၊ ထွက်ပြေးတိမ်းရှောင်မယ့်သူ ဟုတ်၊ မဟုတ် ဆိုတာ ကိုယ်ကိုယ်တိုင် ယုံကြည်ဖို့ လိုပါတယ်။ ယုံကြည်မှသာ အာမခံပေးပါ။ မယုံကြည်ရရင် ဒါမျိုးပြဿနာတွေ မလွဲမသွေ ကြုံလာနိုင်ပါတယ်။  မေး ။ “ဆရာရှင့်။ ပြည်တွင်းမှာ တရားဝင်နေထိုင်တဲ့ နိုင်ငံခြားသားတဦးအပေါ် မြန်မာနိုင်ငံသားတဦးက အွန်လိုင်းမှာ အသရေဖျက်တာ၊ ဂုဏ်သိက္ခာကျဆင်းအောင် ပို့စ်တင်တာတွေ လုပ်လာရင် အဲဒီနိုင်ငံခြားသားက မြန်မာနိုင်ငံသားကို ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) နဲ့ အမှုဖွင့် တရားစွဲဆိုနိုင်ပါသလား။” ဖြေ ။ ပြစ်မှုကျူးလွန်သူက မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေက လွမ်းမိုးမှုကို ခံရပါတယ်။ ပြစ်မှု သက်ရောက်တာကို ခံရတဲ့သူ၊ နိုင်ငံခြားသားကလည်း မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ ရှိနေတဲ့အတွက်၊ မြန်မာနိုင်ငံ တရားဥပဒေရဲ့ စီရင်ပိုင်ခွင့်ထဲမှာ ရှိနေတဲ့အတွက် ဒီမေးခွန်းကို ဖြေရရင် အသက်ရေဖျက်မှုကို ကျူးလွန်ခံရတဲ့ နိုင်ငံခြားသားက ကျူးလွန်တဲ့ နိုင်ငံသားကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ အရ စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးမှာ တရားစွဲဆိုနိုင်တယ်။ တခုရှိတာက နိုင်ငံခြားသား ဖြစ်နေတဲ့အတွက် သူ့ကို ကိုယ်စားပြုတဲ့ သံရုံးမှာ တရားစွဲဆိုခွင့်ကို တင်ပြပြီး ခွင့်ပြုချက် တောင်းခံဖို့ လိုပါတယ်။  မေး ။ “ဆရာခင်ဗျား။ မကြာခင်က ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်သမ္မတရဲ့ ငွေကြေးဆိုင်ရာ တိုက်ဖျက်ရေးဥပဒေဆိုင်ရာ အမိန့်မှာ ကွန်ပျူတာစနစ်၊ ကွန်ရက်တွေနဲ့  ဆာဗာတွေကို ဝင်ရောက်ကြည့်ရှုခွင့်၊ တယ်လီဖုန်းလိုင်း၊ ဖက်စ်၊ အီလက်ထရွန်နစ် ထုတ်လွှင့်မှု၊ စကားအပြန်အလှန် ပြောဆိုမှုများကို အသံ၊ သို့မဟုတ် ဗွီဒီယိုဖြင့် မှတ်တမ်းရယူခွင့်တွေကို လုပ်ပိုင်ခွင့် ပြုလိုက်ပါတယ်။ ဒီအချက်တွေက လတ်တလော ခေတ်စားနေတဲ့ နိုင်လွတ်လုံ ဥပဒေနဲ့ ဥပဒေချင်း ပဋိပက္ခ ဖြစ်နေတယ်လို့ ပြောနိုင်မလား။ အထူးဥပဒေကို အမိန့်စာက လွှမ်းမိုးနေသလား ဆိုတာကို ဥပဒေဗဟုသုတအနေနဲ့ သိပါရစေ။” ဖြေ ။ ဒါက ဥပဒေနယ်ပယ်မှာ ပြန်လည်စဉ်းစားသုံးသပ်သင့်တဲ့ အကြောင်းအရာပါ။ ဒါနဲ့ ပက်သက်ရင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြေညာစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ နည်းနည်း ရှင်းပြဖို့ လိုပါတယ်။ ဥပဒေ ဆိုတာက ဥပဒေပြုအာဏာပိုင်အဖွဲ့ ဖြစ်တဲ့ လွတ်တော်ကနေ ပြဋ္ဌာန်းပေးရတာပါ။ နည်းဥပဒေက လွှတ်တော်တွေက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကို အသက်ဝင်အောင် အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ လိုက်နာ ဆောင်ရွက်ရမယ့် နည်းဥပဒေတွေပါ။ နောက်တခါ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်တွေ၊ ကြေညာစာတွေကျတော့ သက်ဆိုင်ရာ သမ္မတရုံး အပါအဝင် ဝန်ကြီးရုံး၊ အုပ်ချုပ်ရေးအဖွဲ့တွေကနေ ထုတ်ပြန်ကြေညာခွင့် ရှိပါတယ်။ သို့သော် အဲဒီလို ထုတ်ပြန်ကြေညာတဲ့အခါမှာ လိုက်နာရမယ့် မူက (၁) မြန်မာနိုင်ငံမှာ တည်နေတဲ့ ဖွဲ့စည်းပုံပါ နိုင်ငံသားတွေရဲ့ အခွင့်အရေး ပြဋ္ဌာန်းချက်တွေကို ကျော်လွန်လွှမ်းမိုးလို့ မရဘူး။ (၂) အမိန့်ကြေညာစာတွေ အားလုံးသည် သူရဲ့ မူလဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကျော်လွန်လို့ မရသလို တည်ဆဲအခြားဥပဒေတွေကိုလည်း ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်လို့ ကျော်လွန် လွှမ်းမိုးလို့ မရပါဘူး။ အဲဒီတော့ အမိန့်ကြေညာစာ မထုတ်ခင်မှာ နိုင်လွတ်လုံဥပဒေ ပုဒ်မ-၂(ဂ) မှာ နိုင်ငံသားတဦးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်တဲ့ နေအိမ်အဆောက်အဦတွေ လုံခြုံခွင့်၊ ပစ္စည်းလုံခြုံခွင့်သာမက စာပေးစာယူနဲ့ အခြား ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုတွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ-၈(ဂ)မှာ နိုင်ငံတော်သမ္မတ၊ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ သို့မဟုတ် တရားရုံး တရုံးရုံးရဲ့ ဝရမ်း တစုံတရာမရှိဘဲနဲ့ ပုဂ္ဂိုလ်တဦးနဲ့တဦး ပြောဆိုဆက်သွယ်ထားတဲ့ ဆက်သွယ်ရေးဆိုင်ရာတွေကို ကြားဖြတ် ဖမ်းယူနားထောင်ခြင်း၊ တနည်းအားဖြင့် အနှောင့်အယှက်ပေးခြင်း မပြုရလို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မခွဲ(ဂ) မှာလည်း ဆက်သွယ်ရေး အော်ပရေတာမှတဆင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ တယ်လီဖုန်းနဲ့ အီလက်ထရောနစ် ဆက်သွယ်ရေး သတင်းအချက်အလက်တွေ တောင်းယူခြင်း ထုတ်ပေးခြင်း မပြုရလို့ ကန့်သတ်ထားပါတယ်။ ပုဒ်မခွဲ (င) မှာက အခြားသူရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ ကိစ္စအလို့ငှာ ဆက်သွယ်ပေးပို့တဲ့  စာပေးစာယူတွေ၊ စာအိတ်တွေ၊ ချောထုပ်တွေ၊ ပါဆယ်ထုပ်တွေကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီမှာ သတိပြုရမှာက conflict ဖြစ်လား၊ မဖြစ်လားဆိုတာ သူ့ပြဋ္ဌာန်းချက်မှာက “နိုင်ငံတော်သမ္မတ၊ သို့မဟုတ် ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက် မပါရှိဘဲ” ဆိုတဲ့အတွက် ခွင့်ပြုချက်သာ ပါမယ်ဆိုရင် conflict မဖြစ်နိုင်ဘူး။ အဲဒီတော့ မကြာခင်ကမှ သမ္မတကနေ ထုတ်ပြန်လိုက်တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အမိန့်ကြေညာစာကို သမ္မတက ထုတ်ပြန်လိုက်တာ ဖြစ်တဲ့အတွက် ဥပဒေသဘောအရ ပြောရရင် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်တယ်လို့တော့ ကျနော်တို့ မဆိုနိုင်ဘူး။ သို့သော် နိုင်ငံတကာ ကျင့်သုံးနေတဲ့ တရားစီရင်ရေးစနစ်နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်တဲ့ဥပဒေတွေရဲ့ သဘောသဘာဝအရ ပြောရင်တော့ ဒီထဲမှာက ဗဟိုအဖွဲ့ကနေမှ သမ္မတကိုယ်စား ခွင့်ပြုချက်ပေးနိုင်တယ်လို့ ပြေထားတယ်။ တကယ်တမ်းကတော့ အမေရိကန်၊ အင်္ဂလန်တို့လို ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့ နိုင်ငံကြီးတွေမှာ ဆိုရင် ဒီလိုမျိုး ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုနဲ့ ပတ်သက်ရင် အစိုးရဌာနတွေက တရားရုံး တရုံးရုံးရဲ့ ဝရမ်းတောင်းခံရတယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေရဲ့ သဘောသဘာဝကိုက လူပုဂ္ဂိုလ်တဦးချင်းရဲ့ လုံခြုံမှုလွတ်လပ်မှုနဲ့ လူ့အဖွဲ့အစည်းတခုရဲ့ လုံခြုံမှု လွတ်လပ်မှုကြားထဲမှာ သဟဇာတဖြစ်အောင် ထိန်းညှိပေးရတာ ဖြစ်တဲ့အတွက် ဒီအဖွဲ့အစည်းရဲ့ လုံခြုံမှုအတွက် တခုခု လုပ်တော့မယ်ဆိုရင် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုလည်း မထိပါးဖို့ပါ ထည့်စဉ်းစားရတဲ့အတွက် ဒီဘက်မှာသာ အုပ်ချုပ်ရေးအဖွဲ့ လက်ထဲကိုသာ ဒီအာဏာ အပြည့်အဝ အပ်ထားမယ်ဆိုရင် ဒီပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ထိပါးနိုင်ဖွယ်ရာ ရှိတဲ့အတွက် အကယ်၍ ဒါတွေကို ဆောင်ရွက်တော့မယ်ဆိုရင် ဆောင်ရွက်ဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြပြီးတော့မှ တရားရုံးတရုံးရုံးရဲ့ ဝရမ်းကို တောင်းခံရပါမယ်။ ဒီဝရမ်းက လုပ်တဲ့အတွက် အဲဒီနှစ်ခုကြားထဲမှာ တရားရုံးက judge အနေနဲ့ ဆောင်ရွက်ပေးတဲ့အတွက် မျှတမှု ရှိနိုင်တာပေါ့။ အဲဒီတော့ မေးခွန်းကို ပြန်ကောက်မယ်ဆိုရင် နိုင်လွတ်လုံနဲ့ သမ္မတကနေ ထုတ်ပြန်လိုက်တဲ့ ငွေကြေးခဝါမှု တိုက်ဖျက်ရေးဆိုင်ရာ  အမိန့်ကြေညာစာသည် နိုင်လွတ်လုံ ဥပဒေပြဋ္ဌာန်းချက်အရ ဥပဒေအချင်းချင်း ပဋိပက္ခ ဖြစ်တာတော့ မရှိဘူး။ သို့သော် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုအကာအကွယ်ပေးရေး စံအနေနဲ့ ကြည့်တဲ့အခါကျတော့  ဗဟိုအဖွဲ့ မဟုတ်ဘဲနဲ့ တရားရုံးရဲ့ ဝရမ်းအရသာလှျှှင် ဆောင်ရွက်ခဲ့မယ် ဆိုရင် ပိုပြီးတော့ မျှမျှတတနဲ့ ဥပဒေနဲ့ ညီညွှတ်မယ်လို့ ကျနော် မြင်ပါတယ်။ ဒါကြောင့် ဒါလေးကိုတော့ ဥပဒေပြု အဖွဲ့အစည်းတွေကကော၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကော ပြန်ပြီးတော့ သုံးသပ်ပြီးတော့ ပိုပြီးကောင်းမွန်အောင် ပြန်လည် ဖြည်စွက်သင့်တယ်လို့ အကြံပြု ဆွေးနွေးချင်ပါတယ်။  မေး ။ “အမှုတခုမှာ အရေးကြီးတဲ့ မျက်မြင်သက်သေ တယောက်ကို တရားရုံးက သက်သေခံဖို့ ဆင့်ခေါ်တိုင်း ရှောင်နေပါတယ်။ ဒီလို ရှောင်တိမ်းနေတာကို ဥပဒေအရ အရေးယူနိုင်ပါသလား။” ဖြေ ။ အရေးယူလို့ ရပါတယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၉၀ ကနေ ၉၂ အထိ အသေးစိတ် ပြဋ္ဌာန်းထားပါတယ်။ အရေးကြီးတဲ့ မျက်မြင်သက်သေတယောက်က ရုံးရှေ့ကို ထွက်ဆိုဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်လည်း မရှိဘဲနဲ့ ရောက်မလာဘူး၊ သို့မဟုတ် သမ္မန်စာတွေ ချမှပ်တဲ့အခါမှာ ရှောင်တိမ်းနေတယ်လို့ သံသယရှိတဲ့အခါ ဘာတွေကို စစ်ဆေးရသလဲဆိုတော့ သူ့ကို ချမှတ်တဲ့ သမ္မန်စာဟာ အတည်ဖြစ်သလား၊ သမ္မန်စာ အတည်မဖြစ်ဘူး ဆိုရင်တော့ သူ့ကို အရေးယူလို့ မရပါဘူး။ သို့သော် သမ္မန်စာ အတည်ဖြစ်တယ်ဆိုတာက သူကိုယ်တိုင်က ရုံးက ဆင့်ခေါ်တာကို သိရှိကြောင်း၊ ရုံးချိန်းတွေကိုလည်း သိရှိကြောင်း သူက လက်မှတ်ထိုးထားတာ ဖြစ်မယ်။ သူ မဟုတ်ဘူးဆိုလည်း သူ့မိသားစုဝင်တဦးဦးက သိရှိကြောင်း လက်မှတ်ထိုးထားမယ်၊ သို့မဟုတ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့ ကနေမှတစ်ဆင့် သမ္မန်စာ ချအပ်ထားလို့ အတည်ဖြစ်ပြီလို့ သမ္မန်စာရုံးကို ပြန်သွင်းထားပါလျက်နဲ့ ရုံးချိန်းတွေမှာ သူမလာဘူးဆိုရင် ရုံးရှေ့ကို လာရောက်ဖို့အတွက် သူကို ဖမ်းဝရမ်း ထုတ်ဆင့်ပိုင်ခွင့် ရှိပါတယ်။ ဖမ်းဝရမ်း ထုတ်ဆင့်ပြီးတော့မှ ရုံးချိန်းမရောက်မီ ကြားကာလမှာ သူက ရုံးရှေ့ ရောက်တယ်၊ ရဲက ဖမ်းမိတယ်ဆိုရင်လည်း ရုံးရှေ့ကို သူ မပျက်မကွက် လာရောက်ပါမယ်ဆိုတဲ့ ခံဝန်စာချုပ်ကို တရားရုံးမှာ ချုပ်ဆိုရပါမယ်။ အဲဒီခံဝန်စာချုပ်က အာမခံတွေနဲ့ နောက်ထပ်လည်း ထွက်ပြေးဦးမယ်လို့ ယူဆရင် အာမခံ လိုအပ်ရင်၊ အာမခံနဲ့ ခံဝန်ချုပ် ချုပ်ရပါတယ်။ မဟုတ်ဘူး.. သူကန ယ်ဝေးမြေခြား ခရီးသွားနေလို့ ရိုးသားစွာပဲ မလာနိုင်တာ၊ တကယ့်ရုံးချိန်းမှာ လာနိုင်ရင်တော့ ကိုယ်တိုင်ခံဝန်နဲ့ ချုပ်ဆိုရပါတယ်။ ဒီလို ခံဝန်ချုပ်ဆိုပြီးတော့မှ ထပ်ပြီး ရုံးချိန်းကို ပျက်ကွက်တယ်ဆိုရင် ထောင်ဒဏ်ကျခံနိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ရာဇဝတ်ကျင့်ထုံးဥပဒေမှာ အပြည့်အစုံအ သေးစိတ် ပြဋ္ဌာန်းထားပါတယ်။ မေး ။ “ဒီနှစ်တွေအတွင်း အိမ်နီးချင်းနိုင်ငံက နိုင်ငံခြားသားအချို့ ပြည်တွင်း ရောက်နေခိုက် ပြစ်မှု ကျူးလွန်တာမျိုးကို မကြာခဏ တွေ့လာရပါတယ်။ နိုင်ငံခြားသားတွေ ပြစ်မှုကျူးလွန်ရင် ဘယ်လို အရေးယူ အပြစ်ပေးပါသလဲ။” ဖြေ ။ မေးခွန်းအရ ပြစ်မှုကျူးလွန်သူက နိုင်ငံခြားသားပေါ့။ နိုင်ငံခြားသား ဖြစ်သော်လည်း မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ ရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်မယ် ဆိုရင် အရေးယူလို့ ရပါတယ်။ သို့သော်လည်း သူက နိုင်ငံခြားသား ဖြစ်တဲ့အတွက် တိုက်ရိုက်တော့ အရေးယူလို့ မရပါဘူး၊ သူနဲ့ဆိုင်တဲ့ နိုင်ငံရဲ့ သံရုံးကို အကြောင်းကြားပေးရပါမယ်။ အကယ်၍ သူသည် အရေးကြီးတယ်၊ သူ့ကို ထွက်ပြေးသွား၊ တိမ်းရှောင်သွားနိုင်တယ် ဆိုရင် ဥပဒေကျင့်ထုံးတွေအတိုင်း ချုပ်နှောင်ထားလို့ ရပေမယ့် သူ့နိုင်ငံသံရုံးကိုတော့ မပျက်မကွက် အကြောင်းကြားပေးရပါမယ်။ နောက် မြန်မာနိုင်ငံမှာရှိတဲ့ တည်ဆဲဥပဒေတွေအရ စိစစ်အရေးယူရတယ်။ ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်ချမှတ်ခဲ့မယ် ဆိုရင်လည်း မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေမှာ သူ့ကို ချုပ်နှောင်ထိန်းသိမ်းထားလို့ ရပါတယ်။ အကယ်၍ သူ့နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နိုင်ငံအချင်းချင်း အကျဉ်းသားအချင်းအချင်း ဖယ်လှယ်ရေး အစီအစဉ်တွေ ရှိမယ်ဆိုရင် နှစ်နိုင်ငံ ညှိနှိုင်းပြီးတော့ သူ့ရဲ့မိခင်နိုင်ငံကို ပြန်လည်ပေးပို့တာတွေ ရှိသလို၊ တခါတရံ အသေးအဖွဲ ပြစ်မှုတွေ ဖြစ်မယ်။ နောက်တခါ ပြစ်ဒဏ်ကာလ လျော့နည်းသွားမယ်၊ သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့် ရသွားမယ် ဆိုရင်တော့ ဒီလို နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နယ်နှင်ခြင်းအားဖြင့်လည်း ဆောင်ရွက်ပါတယ်။ ချုပ်ပြောရရင် မြန်မာနိုင်ငံရဲ့ စီရင်ပိုင်ခွင့်အာဏာထဲမှာ တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်ပြီးတော့ ပြစ်မှုတစုံတရာ လုပ်မယ်ဆိုရင် ဘယ်နိုင်ငံခြားသားမဆို မြန်မာနိုင်ငံ ဥပဒေတွေအရ အရေးယူ ဆောင်ရွက်လို့ ရပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up