ပုသိမ်ကြီးမြို့နယ်တွင် ဒီဇယ်ဆီတင် စက်လှေမီးလောင်၊ ၃ ဦး ဒဏ်ရာရ
DVB
·
January 18, 2020
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ ဒီဇယ်ဆီတင် စက်လှေ ၁ စီး မီးလောင်မှုကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၄ နာရီလောက်က ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျေးရွာအနီး ဧရာဝတီမြစ်ကမ်းမှာ ဒီဇယ်ဆီပေပါ ၈၀ လုံးအား တင်ဆောင်ဆိုက်ကပ်ထားတဲ့ အလျား ၆၀ ပေ၊ အနံ ၁၅ ပေ၊ ရေစူး ၄ ပေလောက်ရှိ စက်လှေပေါ်မှာ စက်လှေပိုင်ရှင် မခိုင်ဇာဝင်းက လျှပ်စစ်ပေါင်းအိုးနဲ့ ထမင်းချက်ရာမှ ဝါယာရှော့ဖြစ်ပြီး မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ညနေ ၅ နာရီလောက် မီးငြိမ်းသွားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် စက်လှေ ၁ စီးနဲ့ ဒီဇယ်ပေပါ ၈ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး စက်လှေပေါ်ရှိ အသက် ၇ နှစ်အရွယ် မရတနာမိုးအပါအဝင် ၃ ယောက် မျက်နှာ၊ ကျောကုန်း မီးဟပ်၊ ခြေသလုံးပေါက်ပြဲဒဏ်ရာတွေ (မစိုးရိမ်ရ) ရရှိတာကြောင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။
မခိုင်ဇာဝင်းအား ပုသိမ်ကြီး မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇(မီးလောင်မှု၊ ပေါ့လျော့မှုကြောင့် သာမန်နာကျင် စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။