တိုက်စစ်မှူးကျော်ကိုကို လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခံရ

6.1K
မြန်မာ့လက်ရွေးစင် ပဏာမဘောလုံးအသင်းကနေ တိုက်စစ်မှူး ကျော်ကိုကို ထုတ်ပယ်ခံခဲ့ရပါတယ်။
လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာရဲ့ သင်ကြားမှုတွေကို ဝေဖန် ပုတ်ခတ်ပြောဆိုမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့လို့ ကျော်ကိုကိုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အိမ်ပြန်လွှတ်လိုက်တာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
[caption id="attachment_36717" align="alignright" width="284" caption="တိုက်စစ်မှူး ကျော်ကိုကို(Photo_ HOANG DINH NAM/AFP/Getty Images)"]
[/caption]
ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တိုက်စစ်မှူး ကျော်ကိုကိုက “ကျနော်က ထောက်ပြခဲ့တာ ဝေဖန်ခဲ့တာမဟုတ်ပါဘူး။ ကျနော်ကစားမယ့် နေရာ၊ ကျနော်လိုချင်တဲ့ target အတွက်ကို ဘယ်လိုလုပ်ရမလဲဆိုတာပဲ ကျနော် တိုင်ပင်ခဲ့တာပါ။ ဝေဖန်တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ ပြီးတော့ သူခိုင်းတဲ့အတိုင်း ကျနော်လုပ်ခဲ့ပါတယ်။”
ထုတ်ပယ်ရတဲ့အကြောင်းကို မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လက်ထောက်နည်းပြ ဦးတင်မြင့်အောင်က “သူက ကစားသမားတယောက်။ နည်းပြက ဒါလုပ်ဆိုရင် သူလုပ်ရမှာပေါ့။ နည်းပြအနေနဲ့က သူက ဘောလုံးအသင်းအောင်မြင်ဖို့ ရည်ရွယ်ပြီး လုပ်မှာပဲ။ အဲအချိန်မှာ ဒီကလေးကလည်း သူဖြစ်ချင်တဲ့ဆန္ဒတွေ၊ သူကစားချင်တာတွေ မလုပ်ရတော့ သွားတွေ့တာပေါ့။ နံပါတ်တစ်အချက်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပဲ။ နည်းပြက နည်းပြအလုပ် လုပ်မှာပဲ” လို့ ပြောပါတယ်။
လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုဟာ မြန်မာဘောလုံးလောကမှာ ထင်ရှားပြီး ပရိသတ်တွေက မျှော်လင့်အားထားရတဲ့ အားကစားသမားတဦးလည်း ဖြစ်ပါတယ်။
ကျော်ကိုကိုက လက်ရွေးစင်အသင်းကနေ အိမ်ပြန်ပို့ခံရတဲ့အပေါ်မှာ “ကျနော့်ကိုယ် ကျနော် နောင်တရနေပါတယ်။ ကျနော်ဟာ အသိဥာဏ်မရှိသလို ပညာမဲ့စွာနဲ့ တချို့ တချို့တွေမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲအတွက်လည်း နောင်တရနေပါတယ်။ ကျနော် နိုင်ငံလက်ရွေးစင်အသင်းမှာလည်း ပြန်ကစားချင်ပါတယ်” လို့ ဆိုပါတယ်။
ကျော်ကိုကိုကို လက်ရွေးစင်အသင်းကနေ ထုတ်ပယ်လိုက်တာဟာ အမြဲတမ်းလားဆိုတဲ့ အမေးကိုတော့ လက်ထောက်နည်းပြ ဦးတင်မြင့်အောင်က အခုလို ပြောသွားပါတယ်။
“အဲလိုတော့မဟုတ်ပါဘူး။ ဒီအခြေအနေလေးတွေနဲ့ အခုလို အမှားပြင်ဆင်တယ်ဆိုရင်တော့ ပြန်စဉ်းစားရင် စဉ်းစားမှာပေါ့။”
ကျော်ကိုကိုအနေနဲ့ သူ့ရဲ့အမှားတွေကို ပြင်ဆင်လာရင် နည်းပြချုပ်က လက်ရွေးစင် အသင်းမှာ ပြန်ပြီး ရွေးချယ်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာလက်ရွေးစင်အသင်းဟာ မနက်ဖြန် သုဝဏ္ဏကွင်းမှာ မလေးရှား ယူ ၂၃ အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်မှာ အသက် ၂၃ နှစ်အောက် ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားပါတယ်။