Home
မြန်မာသတင်း
တောင်ကြီးတက္ကသိုလ်ပိုင်မြေပေါ် ကျူးကျော်သူများကို အမိန့်အာဏာဖြင့် ဖယ်ရှားမည်
DVB
·
January 17, 2020
တောင်ကြီးတက္ကသိုလ် တိုးချဲ့နယ်မြေပေါ် အကွက်ရိုက် ကျူးကျော် နေထိုင်သူတွေကို အမိန့်အာဏာနဲ့ ဖယ်ရှားသွားမယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဇန်နဝါရီ ၁၆ ရက်က တောင်ကြီး တက္ကသိုလ် ကျိုင်းတုံခန်းမမှာ သတင်းစာရှင်းလင်းပွဲကျင်းပ ပြောကြားလိုက်ပါတယ်။ ကျူးကျော်နေထိုင်သူတွေဟာ တွေ့ဆုံညှိနှိုင်းဖို့ခေါ်ယူရာမှာ လာရောက်ခြင်းမရှိသလို နို့တစ်စာ သုံးကြိမ်တိုင်တိုင် ထုတ်ပြီးကပ်ထားပေမယ့် ဖယ်ရှားခြင်းမရှိဘဲ ဆက်လက်တိုးပွား လာနေပါတယ်။ ကျူးကျော် မြေနေရာကိုဖြေရှင်းဖို့ နေပြည်တော်က အဆင့်မြင့်ပညာရေးဦးစီးဌာနကလည်း ညွှန်ကြားလာသလို ရှမ်းပြည်နယ်ခရိုင်/မြို့နယ် စီမံခန့်ခွဲ မှုကော်မတီအဖွဲ့ဝင်နဲ့ပေါင်းပြီး ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ အက်ဥပဒေ ပုဒ်မ ၃ အရ ဖယ်ရှားရှင်းလင်းသွားမှာဖြစ်ပါတယ်။ တောင်ကြီး တက္ကသိုလ် စီမံ/ဘဏ္ဍာဌာနမှူး နန်းခမ်းက “ကျူးကျော်တွေကို စာရင်းသွားကောက်ယူတိုင်း အိမ်မှာလူမရှိဘဲ ဘယ်ကလာမှန်းမသိတုတ် ဓားတွေကိုင်ပြီး ခြိမ်းခြောက်မှုတွေလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်” လို့ ပြောပါတယ်။ တောင်ကြီးတက္ကသိုလ် တိုးချဲ့နယ်မြေဟာ တောင်ကြီးတက္ကသိုလ် အတွက်လိုအပ်တဲ့ သုတေသနေရာ၊နယ်ဝေးကျောင်းသား/ကျောင်းသူ အိပ်ဆောင်၊ တိုင်းရင်းသား ပေါင်းစုံကျောင်းသား စုစည်းမယ်နေရာ၊ ဝန်ထမ်းအိမ်ရာ၊ ကျောင်းသားသမဂ္ဂအဖွဲ့ရုံး၊ ဆရာသမဂ္ဂအဖွဲ့ရုံးတွေ တည်ဆောက်ဖို့ နေရာဖြစ်ပါတယ်။ တောင်ကြီးတက္ကသိုလ် တိုးချဲ့မြေဟာ ၁၁၄ ဒသမ ၁၉ ဧကရှိပြီး လက်ရှိသွပ်မိုး သွပ်ကာအိမ် ၃၁ လုံး၊ တဲအိမ် ၁၈ လုံး၊ သွက်မိုးထရံကာအိမ် ၂၇ လုံး၊ ဝါးအိမ် ၁လုံး၊ အုတ်ရိုက်ကွင်း ၁ ကွက်၊ ခြံစည်းရိုး ခတ် ၁၄ ကွက်၊ ဖောင်ဒေးရှင်းချ ၁ ကွက်၊ သွပ်မိုးပျဉ်အုတ် နှစ်ထပ်အိမ် ၁ လုံး၊ သဲကျင်း ၃ ကွက်၊ စာသင်ကျောင်းယာထားနေရာ ၁ ကွက်၊ စသဖြင့်ကျူးကျော်သူ ၁၀၄ နေရာရှိတယ်လို့ သိရပါတယ်။ တောင်ကြီးတက္ကသိုလ် တိုးချဲ့နယ်မြေဟာ ၁၉၉၃ ခုနှစ်က သစ်တောကြိုးဝိုင်းမှ စွန့်လွှတ်ပေးထားတဲ့ နေရာဖြစ်ပြီး  ပုံစံ ၁၀၅၊ ၁၀၆ ထွက်ထားပြီးသားမြေဖြစ်ပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024