Home
မြန်မာသတင်း
မုံရွာစက်မှုသင်တန်းကျောင်း လာမည့်မေလတွင် ဖွင့်လှစ်မည်
Aung Ko Latt
·
January 17, 2020
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်မှုသင်တန်းကျောင်း တကျောင်းကို  စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနဲ့ အိန္ဒိယအစိုးရတို့ ပူးပေါင်းကာ မေလအတွင်းမှာ စတင်ဖွင့်လှစ်ဖို့ ရှိနေပါတယ်။  မုံရွာစက်မှုသင်တန်းကျောင်းက မုံရွာ-အရာတော်-ရွှေဘိုလမ်းပေါ်မှာ ရှိပြီး အရင် အမှတ် (၆) အထည်စက်ရုံကို ပြင်ဆင်လုပ်ဆောင်နေတာပါ။  အထည်စက်ရုံက စက်ပစ္စည်းတွေ ခေတ်မမှီတော့တာ၊ အပိုပစ္စည်းရှားပါးတာ၊ နည်းပညာ ခေတ်မမှီတော့တာ၊ ထုတ်ကုန်အရည်အသွေး စျေးကွက်မရှိတာ၊ စီးပွားရေးအရ တွက်ချေမကိုက်တာ တွေကြောင့် ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။  ဒီသင်တန်းကျောင်းအတွက် အိန္ဒိယနိုင်ငံအစိုးရအထောက်အပံ့နဲ့ Hindustan Machine Tool (International) ကုမ္ပဏီက အိန္ဒိယ ရူပီး ၂၆၅ ဒသမ ၃၈ သန်း၊  မြန်မာအစိုးရထည့်ဝင်ငွေ ကျပ် ၃၂၄၀ ဒသမ ၇၈၀ သန်းနဲ့ ၂၀၁၈ ခုနှစ်မေလကနေ စတင်ကာ ခေတ်မီ စက်ပစ္စည်းတွေတပ်ဆင် လုပ်ဆောင်နေတာပါ။ စစ်ကိုင်းတိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းထွဋ်ကို က "ဝန်ကြီးဌာနအောက်က ဌာနခွဲတခုဖြစ်တဲ့ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနက စီမံကိန်း ကို ဦးဆောင်အကောင်အထည်ဖော်နေတာပါ။ လက်ရှိမှာတော့ ပြင်ဆင်နေဆဲဖြစ်ပါတယ်။ လာမယ့် မေလမှာတော့ ဖွင့်လှစ်နိုင်ဖို့ လျာထားဆောင်ရွက်နေပါတယ်။ ဒီသင်တန်းကျောင်းက ဒေသတွင်းမှာ နိုင်ငံလိုအပ်ချက်ဖြစ်တဲ့ အရည်အချင်းပြည့်ဝတဲ့ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးနိုင်ဖို့၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ကို အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တာ။"လို့ ပြောပါတယ်။ ဒီသင်တန်းကျောင်းက ၁ နှစ်ကာလ သင်တန်းကျောင်းဖြစ်ပြီး ကျောင်းသားကျောင်းသူ ၂၀၀ ကို သင်ကြားပေးမှာဖြစ်ပါတယ်။ ပညာအရည်အချင်းအနေနဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုဖူးသူ အသက် ၁၇ နှစ်ကနေ ၂၅ နှစ်အတွင်းရှိ အိမ်ထောင်မရှိတဲ့ လူငယ်တွေကို အဓိကထား ခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။  သင်တန်းမှာ ဝရိန်၊ ရေခဲသေတ္တာ၊ အဲကွန်းပြုပြင်ရေး၊ ကွန်ပျူတာထိန်းချုပ်ပုံဖော် ဒီဇိုင်းထုတ်ခြင်း၊ ကားပြုပြင်ခြင်း၊ လျှပ်စစ်၊ အိုင်တီစတဲ့ဘာသာရပ် ၁၀ မျိုးကို သီအိုရီ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။  သင်တန်းနည်းပြ ဆရာ/ဆရာမတွေကိုလည်း ၃ သုတ်ခွဲကာ အိန္ဒိယနိုင်ငံကို ပညာတော်သင်စေလွှတ်ခဲ့ပြီး ဇန်နဝါရီကနေ ဧပြီလထိ သင်တန်းသားခေါ်ယူရွေးချယ်တာတွေ ပြုလုပ်ကာ မေလမှာတော့ သင်တန်းအမှတ်စဉ် ၁ ကို စတင်ဖွင့်လှစ်တော့မှာလည်းဖြစ်ပါတယ်။ သင်တန်းပြီးဆုံးသွားရင် အလုပ်ရဖို့အထိပါ ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စက်မှုသင်တန်းကျောင်းအနေနဲ့ ဆင်တဲ၊ မန္တလေး၊ သာဂရ၊ ပခုက္ကူ၊ မကွေး၊ မြင်းခြံ တို့မှာဖွင့်လှစ်ထားပြီး  ခု မုံရွာက ၇ ကျောင်းမြောက်ဖြစ်လာမှာပါ။ နောက်ထပ်လည်း တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ဖို့လည်း စီစဉ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024