Home
မြန်မာသတင်း
ကယားပြည်နယ်နေ့အထိမ်းအမှတ် Iron Cross  အခမဲ့ဖျော်ဖြေ
နော်နိုရင်း
·
January 17, 2020
ကယားပြည်နယ်နေ့အထိမ်းအမှတ် ဇန်နဝါရီ ၁၆ ရက်ညမှာ နိုင်ငံကျော်  Iron Cross တီးဝိုင်း အဖွဲ့က အခမဲ့ ဖျော်ဖြေသွားပါတယ်။  ဒီဖျော်ဖြေပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့ရှိ IC ကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပွဲကို ကယားပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအကြီးအကဲတွေ တက်ရောက်ခဲ့ပါတယ်။  ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက နှုတ်ခွန်းဆက်စကား ပြောကြားရာမှာ “ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ကို ဒါကျနော်တို့ ဂုဏ်ပြုတာ။ ဒီလို ဂုဏ်ပြုတဲ့အစီအစဉ်တခုမှာ ကျနော်တို့က တခြားတိုင်းဒေသကြီး ပြည်နယ်တွေထက် တမူထူးခြားတဲ့ အိုင်စီရှိုးပွဲကြီးကို အခမဲ့ပေးထားတာ။ တခုရှိတာကလေ ကျနော်တို့အိုင်စီဆိုတာ ဘယ်တော့မှ အခမဲ့ရှိုးပွဲမလုပ်ဘူး။ ကျနော်တို့ ကယားပြည်နယ်မှာ အိုင်စီ အဖွဲ့သူအဖွဲ့သားတွေဟာ ကျနော်တို့ ကယားတိုင်းရင်းသားတွေကို အရမ်းချစ်တယ်။ ကျနော်တို့ ကယားပြည်နယ်ကိုလာပြီးမှ ကျနော်တို့အစိုးရရဲ့ စီမံမှုနဲ့ ပူးပေါင်းမှုနဲ့ ကယားပြည်နယ်ကို ထူးထူးခြားခြား ဖျော်ဖြေမှုတွေကို အခမဲ့ လုပ်ပေးနေတယ်။ ဒါပြည်နယ်သူပြည်နယ်သားတွေကို အခမဲ့လုပ်ပေးတာ။ ဒါပေမယ့်  အစိုးရအနေနဲ့ကတော့ သူတို့လိုအပ်တဲ့ ပံ့ပိုးမှုတွေကို စီစဉ်ပေးတယ်။” လို့ ပြောဆိုသွားပါတယ်။ Iron Cross အဖွဲ့က အဆိုတော်လေးဖြူက “ကျနော်တို့  Iron Cross ကလည်း အခုဆိုရင် ၄ နှစ်ရှိပါပြီ။ ကျနော်တို့ ကယားဒေးကို ပြည်နယ်သူပြည်နယ်သားများနဲ့အတူ ဆင်နွှဲ့ခွင့်ရတဲ့အတွက် အများကြီး ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီပွဲလေးဖြစ်မြောက်အောင် ပြည်နယ်သူပြည်နယ်သားတွေ ပျော်ရွှင်နိုင်ဖို့ အခုလို ပွဲလေးကို ကျင်းပခွင့်ပြုပြီးတော့ အစစအရာရာထောက်ပံ့ပေးတဲ့ ဝန်ကြီးချုပ်နဲ့ တကွ ရပ်မိရပ်ဖများအားလုံး၊ ဒီနေ့ လာတဲ့ညီကိုမောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ်။ ” ဒါ့အပြင် လက်ရှိဖျော်ဖြေနေတဲ့ကွင်းကို လွန်ခဲ့တဲ့ ၄ နှစ်ကစပြီး စတင်ဖျော်ဖြေရာ ဒီကွင်းကို အိုင်စီကွင်းလို့ မြို့မိမြို့ဖ ဒေသခံတွေကို ဆိုနေတဲ့အတွက် ဒီကွင်းမှာ အိုင်စီ အမှတ်အသားစိုက်ထူသွားဖို့ရှိပြီး ပြည်နယ်အစိုးရကလည်း ခွင့်ပြုထားပါတယ်။  Iron Cross အဖွဲ့ မလာရောက်ခင် ကရင်နီဒေသခံ IC အမာခံပရိသတ်တချို့က Iron Cross အဖွဲ့အနေနဲ့   အရင်နှစ်တွေလို ပြည်နယ်ဝန်ကြီးချုပ်ကို အမွန်းတင်ပြီး ကျေးဇူးတင်စကားတွေ မပြောဖို့ ထုတ်ပြန်ထားပါတယ်။  အကြောင်းအရင်းကတော့ ဌာနေတိုင်းရင်းသားလူငယ်တွေကို နိုင်ငံရေးအရ  ဖမ်းဆီးထောင်ချ တရားစွဲဆိုတာကို ကျူးလွန်ပြီး ဒေသခံဌာနေတိုင်းရင်းသားတွေရဲ့ သဘောထားမပါဘဲ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အတင်းအဓမ္မ တည်ဆောက်ခဲ့ကတာကြောင့်လို့ ဖော်ပြထားပါတယ်။  IC အဖွဲ့ဟာ ခေတ်အဆက်ဆက် အစိုးရရဲ့အထောက်အပံ့ အခွင့်အရေးမယူဘဲ ကိုယ့် ထူးကိုယ်ချွန်ကာ ဂီတကို ထိုးဖောက်ခဲ့ပြီး ပရိသတ်ရဲ့ အားပေးမှုကြောင့် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ရာ အစိုးရနဲ့ ကျေးဇူးစား ကျေးဇူးခံမရှိလို့ အစိုးရကို မျက်နှာလိုမျက်နှာရပြောဆိုခြင်း မပြုလုပ်ဘဲ အနုပညာသန့်သန့်နဲ့သာ ဖျော်ဖြေပေးစေလိုကြောင်း ဖော်ပြပါတယ်။  ဒါ့အပြင် ဖျော်ဖြေရေးကုန်ကျစာရိတ်ဟာ အစိုးရငွေမဟုတ်ဘဲ ပြည်သူရဲ့ ငွေ ကြေးသာဖြစ်ကြောင်းနဲ့ အိုင်စီရဲ့ စည်းလုံးမှု၊ ငွေကြေးကိုအဓိက မထားဘဲ အရည်အသွေးပြည့်မီတဲ့ ဂီတကိုတလျှောက်လုံး ဖန်တီးလာတာကို အားကျလေးစားတဲ့ ပရိတ်သတ်တွေ စိတ်မကောင်းဖြစ်မှာ စိုးရိမ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024