Homeမြန်မာသတင်း
ဝမ်းတွင်းတွင် ဗီနိုင်းဆိုင်းဘုတ်ဖိုးကျန်ငွေမရသဖြင့် ယူဒီပီပါတီ စည်းရုံးရေးမှူးကို အမှုဖွင့်
ဝမ်းတွင်းတွင် ဗီနိုင်းဆိုင်းဘုတ်ဖိုးကျန်ငွေမရသဖြင့် ယူဒီပီပါတီ စည်းရုံးရေးမှူးကို အမှုဖွင့်
DVB
·
January 17, 2020
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(ယူဒီပီ) ပါတီစည်းရုံးရေးမှူးတဦးကို ဗီနိုင်းနဲ့ ပုံနှိပ်လုပ်ငန်းတခုက အမှုလာဖွင့်တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။
ဗီနိုင်းဆိုင်းဘုတ်တွေ စရံပေးကာ လုပ်ခိုင်းပြီး ၄ လလောက်ကြာတဲ့အထိ ကျန်ငွေမပေးတဲ့အတွက်အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်ရွှေရည်ဝေက "ဗီနိုင်းဆိုင်ဘုတ်ဖိုးက ကျပ် ၃၈ သိန်းကျော်ပါ။ စရံငွေ ၁၃ သိန်းပဲ ပေးထားပြီး ကျန် ၂၅ သိန်းကျော်မပေးလို့ ဗီနိုင်းပုံနှိပ်ဆိုင်က စည်းရုံးရေးမှူးကို အမှုဖွင့်တယ်" လို့ ပြောပါတယ်။
၂၀၁၉ စက်တင်ဘာလ ၆ ရက်နေ့မှာ ဝမ်းတွင်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (UDP) စည်းရုံးရေးမှူး ဦးမင်းနိုင်က ဦးရဲရင့်စိုးရဲ့ ဗီနိုင်းနဲ့ ပုံနှိပ်လုပ်ငန်းမှာ ကျပ် ၃၈ သိန်း ၆ သောင်းဖိုး ဗီနိုင်းဆိုင်းဘုတ်တွေ လုပ်ပေးဖို့ စရံငွေ ၁၃ သိန်းပေးကာ အလုပ်အပ်ခဲ့ပါတယ်။
ဗီနိုင်းဆိုင်ဘုတ် အားလုံး ယူဆောင်သွားခဲ့ပေမယ့် ကျန်ငွေ ၂၅ သိန်း ၆ သောင်းကို ၄ လလောက်ကြာတဲ့အထိ မပေးတဲအတွက် အမှုဖွင့် လိုက်တာဖြစ်ပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းမှာ ဦးမင်းနိုင်ကို အမြင့်ဆုံးပြစ်ဒဏ် ၇ နှစ်ရှိတဲ့ လိမ်လည်မှု ရာဇသတ်ကြီးပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း