ညောင်လေးပင်တွင် လောင်းကစားနေရာ ၂၀ ကျော်ကို တပြိုင်နက် ဝင်ရောက်ဖမ်းဆီး
DVB
·
January 17, 2020
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့က လောင်းကစားပြုလုပ်ရာတဲ့ နေရာ ၂၀ ကျော်ကို ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်ငါးရပ်ကွက်ရှိ နှစ်လုံးထီ၊ သုံးလုံးထီနဲ့ဘောလုံးဒိုင် နှစ်ဆယ်ကျော်ကို ခရိုင်နဲ့မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေစုပေါင်းပြီး အဖွဲ့နှစ်ဆယ်ကျော်ခွဲကာ တချိန်ထဲတပြိုင်ထဲ ဝင်ရောက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ဖမ်းဝရမ်းနဲ့သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ မြို့မ (၃) ရပ်ကွက် မြို့မစျေးအတွင်းက သန်းမင်းနိုင်(ခ) ကြွက်ကလေးဆိုသူနဲ့ မြို့မ (၅) ရပ်ကွက် တိုးချဲ့ကွက်သစ်နေ ဒေါ်ခိုင်ခိုင်စိုးတို့ နှစ်ဦးထံက တရားမဝင် လောင်းကစားပြုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်း၊ ငွေတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့မစခန်းမှူး ဒုရဲမှူးဌေးဝင်းက ဒီဗွီဘီကိုပြောပါတယ်။
ဖမ်ဆီးရမိသူ နှစ်ဦးနဲ့ သက်သေတွေကို အသေးစိတ်စစ်ဆေးနေပြီး နောက်နောင် လောင်းကစားမှုတွေ မဖြစ်ပေါ်စေဖို့ အသိပညာပေးမှုတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ ပြုလုပ်သွားမယ်လို့ မြို့မစခန်းမှူး ဒုရဲမှူးဌေးဝင်း က ဆိုပါတယ်။
မြို့မစခန်းမှူး ဒုရဲမှူးဌေးဝင်း က “သန်းမင်းနိုင် (ခ) ကြွက်ကလေးထံက ဘောင်ချာစာရွက် ၁၃ ရွက် ညောင်ဘိုးတော်စာသားပါ နှစ်လုံးထီအတိတ်ပေးစက္ကူကတ်တခု၊ သုံးလက်စ ကာဗွန်အပိုင်း ၃ ရွက်၊ ဘောပင်(၁)ချောင်း၊ ငွေ ၁၆၃၇၀ဝ ကျပ်နဲ့ဒေါ်ခိုင်ခိုင်စိုးထံက ဘောက်ချာစာရွက် ၂ ရွက်၊ နှစ်လုံးထီဂဏန်းတွေ တွက်ချက်ထားတဲ့စာရွက် ၂ ရွက်၊ ရေးလက်စကာဗွန် ၂ ရွက်၊ ဘောပင် ၁ချောင်း၊ ငွေ ၁၀၉၅ဝ ကျပ် " တို့ကို ဖမ်းဆီးရမိခဲ့တယ်။
ဖမ်းဆီးထားတဲ့ တရားမဝင်နှစ်လုံးထီ လောင်းကစားပြုလုပ်နေသူ သန်းမင်းနိုင် (ခ) ကြွက်ကလေးနဲ့ ဒေါ်ခိုင်ခိုင်စိုး တို့ကို ညောင်လေးပင်မြို့မရဲစခန်းက လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း - နေလင်းထိုက်