ဘုတ်ပြင်းတွင် အမြှီးဖြတ်ခံရပြီး သေဆုံးနေသည့် တောဆင်ရိုင်းတကောင် တွေ့ရှိ
DVB
·
January 17, 2020
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ထောင်ငါးသိုင်းကျေးရွာအုပ်စု ဝါးဒင်းကျေးရွာမှာ ဇန်နဝါရီ ၁၅ ရက်က အမြီးပြတ်သေဆုံးနေတဲ့ တောဆင်ရိုင်းတကောင် တွေ့ရှိခဲ့တယ်လို့ ကော့သောင်းခရိုင်သစ်တောဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
မြိတ်-ဘုတ်ပြင်းကားလမ်း မိုင်တိုင် (၁၂၆/၂-၃) ကြားမှာ တောဆင်ရိုင်းတကောင် သေဆုံးနေကြောင်း သတင်းအရ ဘုတ်ပြင်းမြို့မရဲစခန်းမှူး ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့တာပါ။
သေဆုံးနေတဲ့ ဆင်က တောဆင်ရိုင်းအထီးဖြစ်ပြီး အမြင့် ၈ ပေ၊ အလျား ၁၀ ပေ၊ လုံးပတ် ၁၃ ပေ၊ နှာမောင်း ၅ ပေရှိပြီး အမြီးကို လှီးဖြတ်ယူသွားကာ ဘယ်ဘက်နံကြားမှာ အဆိပ်လူးမြှားဒဏ်ရာလို့ ယူဆရတဲ့ မြှားဒဏ်ရာ တွေတွေ့ရပြီး မှောက်လျက်အနေအထား သေဆုံးနေတယ်လို့ ဘုတ်ပြင်းမြို့နယ်သစ်တောဦးစီးဌာနက ပြောပါတယ်။
ပြည်ကြီးမဏ္ဍိုင်မြို့ရဲစခန်းမှာ တောအုပ်ဇော်ဇော်ဝင်းက တရာလိုပြုလုပ်ပြီး ဇီဝမျိုးစိတ်မျိုးကွဲနဲ့ သဘာဝတောထိန်းသိမ်းရေး နယ်မြေများ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၄၁(က)အရ အမှုဖွင့်ထားတယ်လို့ ပြည်ကြီးမဏ္ဍိုင်မြို့ရဲကင်းစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
၂၀၁၉ ခုနှစ်ကလည်း တောဆင်ရိုင်းတကောင် အသတ်ခံရပြီး အရေခွံခွာ ယူဆောင်သွားတယ်လို့ သိရပါတယ်။
လတ်ကိုကိုဦး