သိန်းနီမြို့နယ်တွင် ကျောက်လိုဏ်ဂူထဲက လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
DVB
·
January 17, 2020
ရှမ်းပြည်မြောက်ပိုင်း၊ သိန်းနီမြို့၊ နမ့်ခိုက်ကျေးရွာ အနောက်တောင်ဘက်ကျောက်လိုဏ်ဂူ တခုအတွင်းကနေ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောပါတယ်။
သိန်းနီမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ နမ့်ခိုက်ကျေးရွာရဲ့ အနောက်တောင်ဘက် မီတာ ၄၀၀၀ အကွာအရောက်မှာ ၅ ပေပတ်လည်ရှိ ကျောက်လိုဏ်ဂူအတွင်း လျှို့ဝှက်သိမ်းဆည်းထားတဲ့ လက်နက်ခဲယမ်းတွေကို တွေ့ရှိခဲ့တာပါ။
အဲ့ဒီနယ်မြေက ကေအိုင်အေနဲ့ တီအန်အယ်လ်အေ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ ကေအိုင်အေရဲ့လက်နက်တွေလို့ ယူဆကြောင်းလည်း ပြောပါတယ်။
သိမ်းဆည်းရမိတဲ့အထဲမှာ ၁၀၇ မမ အောက်ခံ ၃ ချောင်းထောက်ပစ်စင်တခု၊ ၁၀၇ မမ ဒုံးသီး ၆ လုံး၊ ၁၀၇ မမ ဒုံးသီးယမ်းတောင့် ၁၂ တောင့်၊ ၁၀၇ မမ အဝေးထိန်းရီမု ၁ ခု၊ ၁၀၇ မမ ဒုံးသီးထိပ်ဖူး ၂၂ လုံး ၊ အာပီဂျီ ဒုံးသီး ၁၀၈ လုံး ၊ အာပီဂျီ ဒုံးသီးယမ်းတောင့်၁၀၈ တောင့် ၊ ၄၀ မမဗုံး သီး ၂၉၉လုံး၊ ၆၀ မမ ဗုံးသီး ၁၂ လုံးနဲ့ ၆၀ မမ ဗုံးသီးယမ်းထုတ် ၆၀ တို့ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆမ်မြို့နယ် ဟိုမိန်းကျေးရွာမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တံဆိပ်ပါတဲ့ အလံတွေ၊ စစ်အဝတ်အစားတွေနဲ့ လက်နက်ခဲယမ်းနဲ့ လေယာဉ်ပစ်ဒုံးတွေကို တောင်ယာတဲတခုကနေ တပ်မတော်က သိမ်းဆည်းရမိခဲ့ ပါတယ်။