ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO)နှင့် ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံဆွေးနွေး
DVB
·
January 16, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပအိုဝ်းငြိမ်းချမ်းရေး အဖွဲ့ (PNO) အသွင် ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနဲ့ အဖွဲ့ကို ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး စိုက်ပျိုးရေးကိစ္စတွေ တွေ့ဆုံ ဆွေးနွေးပါတယ်။
တွေ့ဆုံရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပအိုဝ်းဒေသဟာ စိုက်ပျိုးရေးကိုအခြေခံသော ဒေသဖြစ်ပြီး လက်ဖက်၊ အာလူး၊ ထောပတ်၊ ကြက်သွန်နဲ့ တခြားစိုက်ပျိုးရေးသီးနှံတွေကို ဒေသခံအများစုက စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်လို့ ခေတ်မီနည်းစနစ်သုံးပြီး စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းတွေ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ဖို့တိုက်တွန်းခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဒေသထွက်ကုန် ဖြစ်တဲ့ အာလူးကို တစ်နိုင်ငံလုံးက နှစ်သက်ကြလို့ ဒေသထွက် အာလူးမျိုးတွေ သိုလှောင်ထိန်းသိမ်းဖြန့်ချိနိုင်ရေးအတွက် အအေးခန်းသိုလှောင်သေတ္တာတွေကို တပ်မတော်မှ ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်းပြောပါတယ်။
ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ကတော့ ဒေသဖွံ့ ဖြိုးရေးအတွက် သီးနှံမျိုး ဓာတ်ခွဲခန်းနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး လိုအပ်ချက်တွေကို တင်ပြ ဆွေးနွေးခဲ့တယ်လို့ တပ်မတော် သတင်းမှာဖော်ပြပါတယ်။
တွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ပြီး ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဋ္ဌနဲ့အတူ တွဲဖက်အတွင်းရေးမှူး (၁)ဦးနေဝင်းထွန်းနဲ့ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်တွေ တက်ရောက်ကြ ပါတယ်။
ဓာတ်ပုံ- CINCDS