Homeမြန်မာသတင်း
မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းပြဿနာ သတိထားရန် ကမ္ဘာဘဏ်ပြော
မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းပြဿနာ သတိထားရန် ကမ္ဘာဘဏ်ပြော
ပြည့်ဖြိုးကျော်
·
January 16, 2020
မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်မှုရှိနေပေမယ့် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းတက်တဲ့ ပြဿနာကို သတိထားသင့်တယ်လို့ ကမ္ဘာဘဏ်တာဝန်ရှိသူက ပြောပါတယ်။
၂၀၁၉ ခုနှစ်ထဲမှာ ငွေကြေးဖောင်းပွတာတွေ ဆက်တိုက်မြင့်တက်လာခဲ့တာကြောင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာသလို မီတာခတွေ မြင့်တက်လာတာကြောင့်လည်း ကုန်ဈေးနှုန်းတက်ခဲ့တယ်လို့ ဆိုပါတယ်။
ငွေကြေးဖောင်းပွမှုဟာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလာတာကြောင့် အစိုးရအနေနဲ့ သေသေချာချာကိုင်တွယ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုတော့ ၆ ဒသမ ၃ ကနေ ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးထားတယ်လို့ ကမ္ဘာဘဏ်က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ကုန်ထုတ်လုပ်မှုဘက်မှာ တိုးတက်လာနိုင်တာကြောင့် ၂၀၂၀ အတွက် မြန်မာစီးပွားရေးတိုးတက်နိုင်တဲ့အခြေအနေအဖြစ် ခန့်မှန်းထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့လိုအပ်ချက်အရ သွင်းကုန်တင်သွင်းမှုဟာ ဆက်လက်မြင့်တက်လာနိုင်တာကြောင့် ဒေါ်လာလိုအပ်ချက်အရ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာဘဏ်က မြန်မာနိုင်ငံရဲ့စီးပွားရေးအပေါ် စောင့်ကြည့်တဲ့ အစီအရင်ခံစာဟာ တနှစ်ကို နှစ်ကြိမ်ထုတ်ပြန်နေတာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ စီးပွားရေးတိုးတက်မှု တုန့်ဆိုင်းနေချိန်မှာ မြန်မာပြည်ကတော့ ဆက်လက်တိုးတက်နေတဲ့ အခြေအနေကောင်းတွေ ရှိနေတယ်လို့ ကမ္ဘာဘဏ်ရဲ့ပညာရှင်တွေက ပြောပါတယ်။