Home
မြန်မာသတင်း
ရန်ကုန်အစိုးရသုံးစွဲထားသည့် ကြွေးမြီအသုံးစရိတ် ကျပ် ၁၄၆ ဘီလီယံကိစ္စ လွှတ်တော်၌ရှင်းလင်း
ဇေယျာချမ်းအေး
·
January 16, 2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရသုံးစွဲထားတဲ့ ကြွေးမြီ အသုံးစရိတ်ငွေကျပ် ၁၄၆ ဘီလီယံကိစ္စဟာ ပြန်လည်ဖြည့်တင်းစရာမလိုတဲ့ ငွေကြေးတွေဖြစ်တယ်လို့ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။  ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ကြွေးမြီအသုံးစရိတ် ငွေကျပ် ၁၄၆ ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သိန်းလေးသောင်းခြောက်ထောင်ကျော်) အထိ အသုံးပြု ထားတယ်လို့ တိုင်းစာရင်း စစ်ချုပ်အစီအရင်ခံစာမှာ ဖော်ပြထားတာပါ။  ဒီငွေကြေးတွေကို ပြန်လည်ဖြည့်တင်းဖို့ ဘယ်လိုအစီအစဉ်ရှိလဲလို့ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဇန်နဝါရီ ၁၅ ရက်နေ့က တိုင်းလွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။  ဒီမေးခွန်းနဲ့ပတ်သက်လို့ ရန်ကုန်အစိုးရဟာ စီမံကိန်းတွေအများကြီးဆောင်ရွက်ထားပြီး နောင်ကာလမှာရလာမယ့် အမြတ်အစွန်းတွေကို ကြိုတင်သုံးစွဲတာဖြစ်တဲ့အတွက် သတ်မှတ်ကာလ ရောက်ရင်လည်ပတ်သွားမှာဖြစ်တယ်လို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည် ဖြေဆိုခဲ့ပါတယ်။ ဇန်နဝါရီ ၁၅ ရက်၊ ရန်ကုန်တိုင်းလွှတ်တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေက အရင်အစိုးရလက်ထက် ရန်ကုန်တိုင်းအတွင်း စီမံကိန်းတွေ၊ အခုအစိုးရ လက်ထက် ရန်ကုန်တိုင်းအတွင်း စီမံကိန်းတွေနဲ့ ငွေကြေးသုံးစွဲပုံ ပမာဏတွေကို ယှဉ်တွဲပြီး မေးခွန်း ထုတ်ခဲ့ပါတယ်။ ဒီလိုမေးခွန်းထုတ်ရတာဟာ ဘဏ္ဍာနှစ် အပြောင်းအလဲကာလတွေမှာ ငွေစာရင်းတွေ ညီညွတ်မှုမရှိတာကို စာရင်းစစ်ချုပ်က အစီအရင်ခံစာမှာ ထောက်ပြထားတာကြောင့် ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။ ရန်ကုန်တိုင်းအစိုးရရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ရသုံးငွေစာရင်းအပေါ်သုံးသပ်ထားတဲ့ တိုင်းစာရင်းစစ်ချုပ်ရဲ့ အစီအရင်ခံစာမှာ အစိုးရရဲ့ငွေကြေးသုံးစွဲပုံဟာ စာရင်းရှေ့နောက် မညီညွတ်တာတွေ၊ မရှင်းလင်းတာတွေ အများအပြားရှိနေတယ်လို့ ထောက်ပြထားပါတယ်။ အဲဒါအပြင် စာရင်းစစ်ချုပ်အစီအရင်ခံစာအပြည့်အစုံကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေဆီ ဖြန့်ဝေထားခြင်း မရှိပါဘူး။  ၂၀၁၇-၂၀၁၈ ငွေစာရင်းရှင်းတမ်းနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက လွှတ်တော်မှာမေးခွန်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် အခွင့်အရေးမရခဲ့ဘူးလို့ ကိုယ်စားလှယ်တချို့ကပြောပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024