မိတ္ထီလာတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သည်အရိုးစုများ ရှာဖွေ
DVB
·
January 16, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် လိန်တောရွာအရှေ့ဘက် ရေတွင်းဟောင်းဘေးမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ယာယီဆေးရုံဟောင်းနေရာမှာ ဂျပန်စစ်သည်အရိုးစုတွေကို ဇန်နဝါရီ ၁၃ရက်မှ ၁၅ရက်အထိ ၃ ရက်ကြာ ရှာဖွေခဲ့ပါတယ်။
လိန်တောရွာ အုပ်ချုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက "ဇန်နဝါရီလ ၁၃ရက်က မြေကြီး မြေပုံ တိုက်စစ် လေ့လာကြတယ်။ ၁၄ ရက်မှာ မြေတူးမယ့် အလုပ်သမားတွေနဲ့ ဘက်ဟိုးစက် ငှားပြီး တူးရမယ့်နေရာမှာ စတင် တူးတယ်။ ဘက်ဟိုးက သုံးလေး နေရာ တူးတယ်။ အလုပ်သမားတွေကတော့ တနေရာ တည်းပဲတူးရတယ်။ ၁၅ ရက်နေ့မှာတော့ ရိုးပြတ်တောထဲက ပေါင်ရိုး နှစ်ချောင်းနဲ့ လူအရိုးအစအနတွေ တွေ့ရတယ် အရိုးအစအန အနည်းငယ်ကိုတော့ ဂျပန်လူမျိုးအရိုး ဟုတ်မဟုတ် စစ်ဆေးဖို့ ယူသွားတယ်" လို့ ပြောပါတယ်။
ဂျပန်စစ်သည်အရိုး ရှာဖွေတဲ့အဖွဲ့ဟာ မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် ထုံးဘို ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ စစ်အတွင်းကကျဆုံးတဲ့ ဂျပန်စစ်သည် အထိမ်းအမှတ် ကျောက်တိုင် ကျောက်ဖြူကုန်းအုပ်စု အင်းပက်လင်ရွာရှိ ဦးအေးဆောင် နေအိမ်ခြံဝန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်နဲ့ ကျောက်ဖြူကုန်းရွာ ဦးသန်းဝင်း ယာကွက်အတွင်းက စစ်အတွင်းက ကျဆုံး ဂျပန်စစ်သည် အထိမ်းအမှတ်ကျောက်တိုင်တွေဆီ သွားရောက်ဂါဝရပြုကြပါတယ်။
ဇန်နဝါရီ ၁၆ ရက်မနက်မှာတော့ အဲဒီအဖွဲ့ဟာ ပုဂံညောင်ဦးဘက် ထွက်ခွာသွားကြပါတယ်။
သတင်း-မောင်မောင်လင်း