တိုက်ပွဲကြားပိတ်မိနေသည့် ရွာသား ၃၆ ဦးကို ကယ်ထုတ်၊ မသန်စွမ်း ၅ ဦးပါဝင်
ဝဏ္ဏခွာညို
·
January 16, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအုပ်စု ညောင်ပင်လှကျေးရွာမှာ သီတင်းတပတ်နီးပါး ပိတ်မိနေတဲ့ ရွာသား ၃၆ ဦး ဇန်နဝါရီ ၁၅ ရက်က မေယုရင်သွီး လူမှု ကယ်ဆယ်ရေးအဖွဲ့ဦးဆောင်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းဝင်တွေက သွားရောက် ကယ်ထုတ်ခဲ့ပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဇန်နဝါရီ ၉ ရက်က ညောင်ပင်လှကျေးရွာအနား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပြီးနောက် ကျေးရွာအတွင်းကနေ ထွက်ပြေးမရဘဲ ကျန်ရစ်ခဲ့တဲ့အထဲမှာ မသန်းစွမ်း ၅ ဦးနဲ့ အသက်ကြီးပိုင်တွေ အများအပြားပါဝင်တာဖြစ်ပါတယ်။
မေယုရင်သွီး လူမှုကယ်ဆယ်ရေးအဖွဲ့ မြို့နယ်အလုပ်မှုဆောင် ကိုဘက္ကာက “ပိတ်မိနေတဲ့ အကုန်းလုံး ၃၆ ယောက်ရှိတယ်။ ဇန်နဝါရီ ၉ ရက်နေ့ ကတည်းက ပိတ်မိနေတာ၊ ၆ ရက်ကြာပြီ၊ အဲ့ဒီမှာမျက်မမြင်တဲ့ မသန်းစွမ်းတွေ ပါတယ်။ နေမကောင်းတဲ့သူတွေ ပါတယ်။ ကလေးတွေတွေရော၊ ပြီးတာ့ အသက်ကြီးပိုင်တွေပါပါတယ်။ တပ်မတော်စစ်ကြောင်း အဲ့ဒီရွာမှာ နေရာယူထားတာ၊ အဲ့ဒီလူတွေက မရှောင်တိမ်းနိုင်တဲ့ လူတွေပေါ့နော်၊ အခုကတော့ သူတို့တွေကို ကယ်ထုတ်လိုက်ပြီ”
ညောင်ပင်လှကျေးရွာအတွင်း ပိတ်မိနေတဲ့အားလုံးကို ကယ်ထုတ်လာခဲ့ပေမယ့် အသက် ၆၀ အရွယ် ဦးအောင်သိန်းဖြူဆိုတဲ့ လူကြီးတဦးကတော့ အခြားနေရာ ဒေသကို မသွားတဲ့ချင်တဲ့ ဆန္ဒကြောင့် ခေါ်မရဘဲ မိမိဆန္ဒအရ ရွာမှာ နေရစ်ခဲ့တယ်လို့ သွားရောက် ကယ်ထုတ်ခဲ့တဲ့ မေယုရင်သွီးလူမှုကယ် ဆယ်ရေးအဖွဲ့ကပြောပါတယ်။
ပိတ်မိနေတဲ့ အချိန်ကာလအတွင်း မျက်မမြင်တွေအပါအဝင် သက်ကြီးပိုင်း တွေ၊ ကလေးတွေ စတဲ့သူတွေကို တဦးကို တဦးမီှခို ချက်ပြုက်စားသောက်နေကြရသလို အဲ့ဒီကာလအတွင်းမှ တပ်မတော်ကကျေးရွာအတွင်းမှာ တပ်စွဲထားပါတယ်။
ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်ထံကို တရားဝင်းစာတင်ပြီးနောက်ပိုင်းမှာ အခုလို သွားရောက်ကယ်ထုတ်ခဲ့တာဖြစ်ပြီး ညောင်ပင်လှကျေးရွာတပ်စွဲထားတဲ့ တပ်မတော်နဲ့ တစုံတရာ ပြဿနာ မရှိခဲ့ဘူးလို့ ကယ်ထုတ်ခဲ့သူတွေက ပြောပါတယ်။