ရန်ကုန်-ပုသိမ်ကားလမ်းရှိ ဗိုလ်မြတ်ထွန်းတံတားကို ယာယီပိတ်ထားမည်
DVB
·
January 15, 2020
ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကို အဓိကဆက်သွယ်ထားတဲ့ ရန်ကုန် - ပုသိမ်ကားလမ်းကို အဆင့်မြှင့်တင်နေတာကြောင့် ဗိုလ်မြတ်ထွန်း တံတားကို ရက်ပေါင်း ၂၀ နီးပါး ယာယီပိတ်ထားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သိရပါတယ်။
ရန်ကုန် - ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် (၄၀/၇) နဲ့ (၄၁/၃) အကြား လမ်းအကျပ်ပေ ၃၀ နီးပါး ကွန်ကရစ်လမ်းခင်းမှာဖြစ်လို့ ဗိုလ်မြတ်ထွန်းတံတားကို ဇန်နဝါရီ ၁၅ ရက် ည ၁၂ နာရီကစပြီး ရက်ပေါင် ၂၀ နီးပါပိတ်ထားရမယ်လို့ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီကိုပြောပါတယ်။
ဗိုလ်မြတ်ထွန်းတံတားကို ယာယီ ပိတ်ထားစဉ်မှာ ခရီးသွားပြည်သူတွေအနေနဲ့ ကပ်လျက် တံတားဖြစ်တဲ့ ညောင်တုန်းတံတား (ဟင်္သာတ)ဘက်ကနေ သွားလို့ရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ရန်ကုန် - ပုသိမ် ကားလမ်းကို လမ်းအဖွဲ့ ၅ ဖွဲ့နဲ့ အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေပြီး မိုးမကျခင် အမြန်ဆုံးပြီးအောင် လုပ်ဆောင်ရမှာဖြစ်လို့ နေ့ရောညပါ အားထည့်ပြီးကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)