Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကျပ်သန်း ၉၀၀၀ အသုံးပြုပြီး ရေနုတ်မြောင်းအရှည်မိုင် ၅၀၀ ခန့်တူးဖော်မည်
DVB
·
January 15, 2020
ဧရာဝတီတိုင်းအတွင်း မိုးရာသီရေကြီးရေလျှံတာကို ကာကွယ်ဖို့နဲ လယ်သမားတွေ အောင်ရေရရှိနိုင်ဖို့ တိုင်းဒေသကြီးအစိုးရရန်ပုံငွေနဲ့ ငွေကျပ်သန်းပေါင်း ၉၀၀၀ နီးပါး အသုံးပြုပြီး ရေနုတ်မြောင်းအရှည် မိုင် ၅၀၀ နီးပါးကို ပြန်လည်တူးဖော်မယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သိရပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်းပေါင်း ၈၉၉၇ ဒသမ ၂၃၅ သန်းကိုအသုံးပြုပြီး တိုင်းအတွင်း တိမ်ကောနေတဲ့ မြို့နယ်တွေက ရေနုတ်မြောင်းပေါင်း ၁၅၂ မြောင်း အလျားမိုင်ပေါင်း ၄၈၉ ဒသမ ၂၅၁ မိုင်ကို ပြန်လည်တူးဖော်ပေးမှာဖြစ်တယ်လို့ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကြည်ဆွေက ပြောပါတယ်။ ဒေသခံတောင်သူတွေရဲ့ တောင်းဆိုမှုတွေကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က မြောင်းကော တာတွေကို ပြန်လည်တူးဖော်ပေးတာပါ၊ မိုးရာသီ ရေကြီးရေလျှံတာကို ကာကွယ်နိုင်ဖို့နဲ့ တောင်သူတွေ ရေရရှိနိုင်အောင် ရည်ရွယ်ပြီးလုပ်ဆောင်ပေးဖြစ်ပါတယ်လို့ ပြောပါတယ်။ ဧရာဝတီတိုင်းမှာ ဇန်နဝါရီလပထမအပတ်အတွင်း တောင်သူတွေ အောင်ရေ မရရှိတော့ တာကြောင့် ပုသိမ်ခရိုင်နဲ့ မအူပင်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုတွေက စပါးစိုက်ဧက ၈၀၀၀ ကျော် ပျက်စီးရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ရာသီဥတုမမှန်တာကြောင့် ပုံမှန်ရရှိနေတဲ့ မြောင်းရေကလည်း အစောကြီးခမ်းခြောက် သွားပြီး ရေလုံလောက်စွာမရတော့တာ ၁ လကျော်ရှိပြီ၊ တူးမြောင်းရေကလည်း အစောကြီး ခမ်းသွားတယ်၊ အရင်လိုအဝီစီတွင်းကမောင်းတော့လည်း ရေကမရဘူးတွင်းအသစ်တူးတော့လည်း ရေကသိပ်မရဘူး၊ ရေအခက်အခဲဖြစ်တော့ လယ်တွေလည်းပျက်စီးကုန်တာပေါ့လို့ ဦးစောသက်နိုင်ဦး က ဒီဗွီဘီကိုပြောပါတယ်။ တိုင်းဒေသကြီးအစိုးရရန်ပုံငွေနဲ့ ရေနုတ်မြောင်းတွေပြန်လည်တူးဖော်ပေးနေတာ အိမ်မဲ မြို့နယ်မှာ ၁၇ မြောင်း၊ မအူပင်မြို့ နယ်နဲ့ ကန်ကြီးထောင့်မြို့နယ်မှာ ၁၂ မြောင်း၊ သာပေါင်း မြို့နယ်မှာ ၁၁ မြောင်း၊ ဝါးခယ်မမြို့နယ်နဲ့ ညောင်တုန်းမြို့ နယ်မှာ ၉ မြောင်း၊ ဓနုဖြူ မြို့နယ်မှာ ၈ မြောင်းနဲ့ လေးမျက်နှာမြို့နယ်မှာ ၇ မြောင်းတို့ တူးဖော်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုသိမ်၊ ကြံခင်း၊ ဟင်္သာတ၊ ဘိုကလေးမြို့နယ်တို့မှာ ရေမြောင်း ၆ မြောင်းစီနဲ့ အခြား မြို့နယ်တွေမှာ ၅ မြောင်းအောက် ပြန်လည်တူးဖော်ပေးနေတာဖြစ်ပြီး မိုးစပါးနဲ့ နွေးစပါးစိုက် လယ်မြေဧက ၁၅၈၉၆၁ ဧကကို ရေပေးနိုင်မှာဖြစ်တယ်လို့ တိုင်းဒေသကြီး ဆည်းမြောင်းနှင့် ရေအသုံးမှု စီမံခန့် ခွဲမှု ဦးစီးဌာနက တာဝန်ရှိသူ တဦးကပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024