အိန္ဒိယအစိုးရ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို မကျေနပ်သဖြင့် အလုပ်သမားသမဂ္ဂများ ဆန္ဒပြ

3.7K
အိန္ဒိယနိုင်ငံက အလုပ်သမားသမဂ္ဂတွေဟာ အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ၂ ရက်တာ ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်မှောက်မှုကို ဒီနေ့ စတင်လိုက်ပါတယ်။
အလုပ်သမားတွေနဲ့သက်ဆိုင်တဲ့ anti-labour မူဝါဒအပါအဝင် အစိုးရရဲ့ စီးပွားရေးရာ မူဝါဒသစ်တွေကို ကန့်ကွက်ကြတဲ့ သမဂ္ဂပေါင်း တဒါဇင်နီးပါးလောက်ဟာ မီးရထားလမ်း၊ ကားလမ်းတွေကို ပိတ်ဆို့ဖို့ စီစဉ်ထားပါတယ်။ အစိုးရဘဏ်လုပ်ငန်း လည်ပတ်မှုတွေကိုလည်း အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။
ဒီပြုပြင်ပြောင်းလဲမှုတွေမှာ ပြည်တွင်းလက်လီရောင်းချတဲ့ကဏ္ဍကို ကမ္ဘာတလွှား စူပါမားကတ် ဆိုင်ခွဲတွေ ပုံစံမျိုး ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကတော့ တိုင်းပြည်စီးပွားရေး ဆုံးရှုံးနစ်နာမှု ဖြစ်လိမ့်မယ်လို့ပြောပြီး သပိတ်ကို ဖျက်သိမ်းပေးဖို့ သမဂ္ဂတွေကို မေတ္တာရပ်ခံထားပါတယ်။
ဒီနေ့ အစောပိုင်းကလည်း မြောက်ပိုင်းက ပန်ဂျဘ်ပြည်နယ်မှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တဦးကို အမည်မသိလူတွေက ကားမှတ်တိုင်မှာ သတ်ဖြတ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်တွေလည်း ထွက်လာခဲ့ပါတယ်။
ဆန္ဒပြပွဲဟာ အလုပ်သမားသမဂ္ဂတွေ အင်အားအကောင်းဆုံးဖြစ်တဲ့ အရှေ့ဘက်က အနောက်ဘင်္ဂလားနဲ့ တောင်ဘက်က ကယ်ရာလာပြည်နယ်တွေမှာ အကျိုးသက်ရောက်မှု အများဆုံးဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
သပိတ်မှောက်နေတဲ့သမဂ္ဂတွေထဲမှာ အဓိက အတိုက်အခံ ဘာရာတီယ ဂျနာနာ ပါတီ BJP နဲ့ ကွန်ဂရက်ပါတီတွေကလည်း အစိုးရရဲ့ လက်လီဈေးကွက်စနစ်၊ အာမခံလုပ်ငန်းနဲ့ လေကြောင်းဆိုင်ရာတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ပေးဖို့ ဆောင်ရွက်ချက်နဲ့ လျော့ကျနေတဲ့ လောင်စာဆီနဲ့ မီးဖိုချောင်သုံးဓာတ်ငွေ့ ဈေးနှုန်းတွေ တက်လာတာတွေကို ဆန္ဒပြနေကြပါတယ်။
အိန္ဒိယအစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းစဉ်ကို ခိုင်မာအောင် ကူညီပေးမှာဖြစ်ပြီး အကျပ်အတည်းကာလမှာ အလုပ်အကိုင်တွေ ဖန်တီးပေးမှာပါလို့ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဆိုပါတယ်။