Home
မြန်မာသတင်း
ကရင်နီလူငယ်များနှင့် ဒေါ်ဆောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေး
နော်နိုရင်း
·
January 15, 2020
ကယားပြည်နယ်နေ့အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လွိုင်ကော်မြို့လယ်မှာ ဗိုလ်ချုပ်ကြေးရုပ်တုစိုက်ထူတာကို ကန့်ကွက်လို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကရင်နီလူငယ် ၆ ဦးနဲ့ ဒီကနေ့ နေ့လယ်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ကရင်နီလူငယ်တွေဘက်က လက်ရှိကယားပြည်နယ်အတွင်း မြေယာ အငြင်းပွားမှုကိစ္စတွေ၊ တရားရင်ဆိုင်နေရတဲ့ တောင်သူတွေရဲ့အရေး၊ ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ လူငယ်တွေရဲ့အရေးကိစ္စတွေကို  တင်ပြခဲ့ပါတယ်။ ဒီလိုတင်ပြဆွေးနွေးတဲ့အပေါ် မြေယာကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့တယ်လို့ ကရင်နီလူငယ် ကိုမျိုးလှိုင်ဝင်းက ပြောပါတယ်။  “ ကျနော်တို့အဓိက အကြောင်းအရာ သုံးခု ဆွေးနွေးဖြစ်ခဲ့တယ်။ ပထမတခုက ကျနော်တို့ ပြည်နယ်မှာ တပ်သိမ်းမြေနဲ့ပတ်သက်ပြီး တောင်သူတွေတရားစွဲခံရတာနဲ့ပတ်သက်လို့ တောင်သူတွေ ထောင်ထဲမှာ ရောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းကူညီပေးဖို့ အတွက်‌ပြောတဲ့နေရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြေရှင်းကူညီပေးမယ်။ ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာအောင်သူကိုလည်း တာဝန်ပေးထားတယ်။ ရှေ့နေရုံးချုပ်နဲ့တိုင်ပင်ပြီး ဒီကိစ္စကို နေပြည်တော်မှာပြန်ရောက်တဲ့အချိန် အမြန်ဆုံးဖြေရှင်းဖို့အတွက် လုပ်သွားမယ်ဆိုတဲ့ တောင်သူလယ်သမား အရေးနဲ့ပတ်သက်ပြီးဆွေးနွေးဖြစ်ခဲ့တယ်ပေါ့နော်။ ” ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့အချိန်မှာ ဒါက သူ့ရဲ့ ဖခင်ဖြစ်တဲ့အတွက် တခြားဝန်ကြီးနဲ့ဆွေးနိုင်ဖို့တာဝန်လွှဲပေးထားတယ်လို့ ပြောပါတယ်။ “သူ့ရဲ့ဖခင်ဖြစ်တဲ့အတွက်၊ သူ့ရဲမိသားစုဝင်ဖြစ်တဲ့အတွက် ဒီကိစ္စမှာ သူကိုယ်တိုင်ဦးဆောင်ပြီး မဖြေရှင်းလိုဘူး။ ဖြေရှင်းဖို့လည်း မသင့်တော်ဘူးလို့ မှတ်ယူတယ်။ မှတ်ယူတဲ့အတွက် ပြည်ထောင်စုဝန်ကြီးကိုပဲ လွှဲချလိုက်တယ်။ ဒီကိစ္စကို ကျနော်တို့ ကရင်နီလူငယ်အနေနဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ ထပ်မံတွေ့ဆုံပြီးအဖြေရှာ ဖြေရှင်းဖို့အတွက် ဒီတိုင်းပဲ တာဝန်လွှဲပေးခဲ့တယ်ပေါ့နော်။ ” ကယားပြည်နယ်ကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂနဲ့တွေဆုံပြီး တောင်သူတွေအရေးတွေ့ဆုံဆွေး နွေးမယ်လို့သိရပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024