ပန်းဥယျာဉ်မြေငှားရမ်းခများ ၅ ဆခန့် တိုးမြှင့်ထားဟု ရန်ကုန်စည်ပင်ပြောကြား
DVB
·
January 14, 2020
ရန်ကုန်တိုင်းအတွင်းရှိ ပန်းဥယျာဉ်တွေရဲ့ မြေငှားရမ်းခနဲ့ ပတ်သက်လို့ စာရင်းစစ်ချုပ်အစီရင်ခံစာမှာပါတဲ့ မြေငှားရမ်းခနှုန်းထားတွေထက် လက်ရှိအချိန်မှာ ၅ဆလောက် မြှင့်တင်ထားပြီးဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက်က ကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သတင်းစာရှင်းလင်းပွဲမှာ စာရင်းစစ်ချုပ်အစီရင်ခံစာနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
စာရင်းစစ်ချုပ်အစီရင်ခံစာထဲမှာ ရန်ကုန်တိုင်းအတွင်းရှိ ပန်းဥယျာဉ်တွေရဲ့ မြေငှားရမ်းခ တွေဟာ ကာလပေါက်ဈေးနဲ့နှိုင်းယှဉ်ကြည့်ရင် နည်းနေတယ်လို့ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။
အခုလွှတ်တော်မှာတင်သွင်းနေတဲ့ အစီရင်ခံစာက ၂၀၁၇-၁၈ အစီရင်ခံစာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ မြေငှားရမ်းခတွေ မြှင့်တင်ထားတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောပါတယ်။
စည်ပင်သာယာရေးကော်မတီက ပန်းခြံ၊ ကစားကွင်းတွေမှာ မြေငှားရမ်းခသတ်မှတ်တာကို အုပ်စု (၃)စု ခွဲထားပြီး ဒဂုံ၊ ဗဟန်းမြို့နယ်လို အဓိကကျတဲ့မြို့နယ်တွေမှာ ၁စတုရန်းပေးကို ၃၇၆၈ ကျပ်နှုန်းနဲ့ ကောက်ခံနေတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာကောက်ခံနေတဲ့ မြေငှားရမ်းခနှုန်းထားတွေဟာ အရင်တုန်းကထက်တော့ (၅)ဆလောက် တက်လာပြီဖြစ်တယ်လို့ ပန်းဥယျာဉ်နှင့်အားကစားကွင်းမှားဌာနက ဌာနမှူး ဦးကိုကိုလင်း က ပြောပါတယ်။
လက်ရှိမှာလည်း ပြည်သူ့ဥယျာဉ်ရဲ့ငှားရမ်းခနှုန်းထားဟာ အရင်က ၁နှစ်ကို ကျပ်သိန်း ၂၂၀ ကနေ ၂၅၀ ကြားရနေရာက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၁ ဒသမ ၄၆၉ ဘီလီယံ၊ ကန်တော်ကြီးထဲက မြေဧက ၁၉ ဒသမ ၁၁ ဧက ကိုလည်း ဇေကမ္ဘာကုမ္ပဏီကို အရင်က ၁နှစ်ကို ကျပ်သိန်း ၂၅၀ နဲ့ငှားရမ်းနေတာကနေ အခု ကျပ်သိန်း ၃၄၀၀ ကျော်နဲ့ ငှားရမ်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာမှာ ပြည်သူ့ရင်ပြင်၊ ရှုခင်းသားအပန်းဖြေဥယာဉ်၊ ကန်တော်ကြီး၊ မြကျွန်းသာ၊ ကန်သာယာပန်းခြံ အစရှိတဲ့ ပန်းခြံတွေမှာ ဆိုင်ခန်းငှားရမ်းခတွေ၊ မြေငှားရမ်းခတွေက ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်တဲ့ ပေါက်ဈေးထက် များစွာလျော့နည်းနေကြောင်း ထောက်ပြထားတာဖြစ်ပါတယ်။
စည်ပင်ကသတ်မှတ်တဲ့ မြေငှားရမ်းခ နှုန်းထားတွေကို မပေးနိုင်တဲ့အတွက် အသနားခံစာတင်တဲ့ လုပ်ငန်းရှင်တွေ ရှိတယ်လို့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ရှိသူက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာ မြေငှားရမ်းခတွေနဲ့ ပတ်သက်လို့ ကာလပေါက်ဈေးထက် နည်းနေတဲ့အတွက် နိုင်ငံတော်ဘဏ္ဍာ နစ်နာမှုတွေ ရှိနေတယ်လို့ ဖော်ပြထားတဲ့အပေါ် စည်ပင်သာယာရေးကော်မတီက အခုလို ပြန်လည်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
စည်ပင်က သတ်မှတ်တဲ့ မြေငှားရမ်းခနှုန်းထားကို မပေးနိုင်တဲ့အထဲမှာ water boom ကစားကွင်းလည်းပါလို့ လုပ်ငန်းရှင်၊ စည်ပင်နဲ့ ညှိနှိုင်းနေရပြီး အစိုးရအဖွဲ့ကို တင်ပြထားရတဲ့ အခြေအနေတွေလည်း ရှိတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ လက်ရှိ ရန်ကုန်တိုင်း လွှတ်တော်ထဲမှာ ဖတ်ကြားနေတဲ့ စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ပတ်သက်လို့ သီးသန့်ရှင်းလင်းတာတွေ ထပ်မံလုပ်ဆောင်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
သင်းသင်းဇော်