Home
မြန်မာသတင်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နိုင်ငံသားစိစစ်ရေးကတ် ၆၅၀ ကျော်ပေးအပ်
Aung Ko Latt
·
January 14, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့မှာ ဇန်နဝါရီ ၁၃ ရက်နေ့က တိုင်းလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူဦးဆောင်ကာ ဒေသခံ ၆၅၈ ဦးကို နိုင်ငံသားစိစစ်ရေးကတ်တွေ  ပေးအပ်ခဲ့ပါတယ်။  နိုင်ငံသားစိစစ်ရေးကတ်ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ တိုင်းရင်းသား မိဘ နှစ်ပါးကနေ မွေးဖွားလာတဲ့ မွေးရာပါ နိုင်ငံသားဖြစ်သူတွေကို ထုတ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက "နိုင်ငံသားတယောက်ဖြစ်လာတာနဲ့အညီ နိုင်ငံတော်ရဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း နိုင်ငံသားအခွင့်အရေးတွေကို ရရှိခံစားရမှာဖြစ်သလို နိုင်ငံသားတဦးလိုက်နာရမယ့် တာဝန်ဝတ္တရား တွေကိုလည်း စောင့်ထိန်းလိုက်နာရမှာဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထား သူတွေက ပြည်ထောင်စုကို ချစ်မြတ်နိုးပြီး သစ္စာရှိရပါမယ်။ ပြည်ထောင်စုစိတ်ဓာတ်ရှိရပါမယ်။ တည်ဆောက်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်အတွက် အုပ်တချပ် သဲတပွင့်ဖြစ်ရပါမယ်။ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး ဒေသအကျိုး၊ ပြည်ထောင်စုအကျိုးကို ကျရာတာဝန်ထမ်းဆောင် ကြဖို့ လိုပါတယ်။"လို့ အဖွင့်အမှာစကားမှာ ပြောဆိုခဲ့တာပါ။ လဟယ်မြို့နယ်အတွင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲမှာ နိုင်ငံသားအရည်အချင်း ပြည့်သူ ပြည်သူ ၃၁၀ ဦး၊ အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသားကျောင်းသူ ၃၄၈ ဦး စုစုပေါင်း ၆၅၈ ဦးကို နိုင်ငံသားစိစစ်ရေးကတ်တွေ ပေးအပ်ခဲ့တာပါ။  အခုလို ပေးအပ်တာက ပြည်မတောင်တန်းခွဲခြားမှုမရှိဘဲ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးကို ဦးတည်ကာ ကြိုးစားလုပ်ဆောင်နေတာဖြစ်တယ်လို့လည်း တိုင်းလဝကဦးစီးမှုးက ပြောပါတယ်။ "ကျနော်တို့ ဝန်ထမ်းတွေအနေနဲ့ ဝေးလံခေါင်ဖျားဒေသမို့ တောင်ပေါ်ဒေသတွေမို့ဆိုပြီး ခွဲထားတာမရှိပါဘူး။ ပြည်မနှင့် တောင်တန်းသွေးစည်းညီညွတ်ရေး ညီအကိုမောင်နှမသားချင်းများ အတွက် ခွန်အားရှိသရွေ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်တွေနဲ့အညီ နိုင်ငံသား အခွင့်အရေး တန်းတူညီတူရရှိကြစေဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ သို့သော် မတူကွဲပြားခြားနားတဲ့ နယ်စပ်ဒေသတွေမှာတော့ တိုင်းရင်းသားနှင့် လူမျိုးခြားကွဲပြားခြားနားမှုကို စိစစ်ရတဲ့အခါ လူ့အခွင့်အရေးရှေ့တန်းတင်ပြီး ပြစ်တင်ဝေဖန်မှုတွေကိုလည်း ကြုံဆုံရင်ဆိုင်ဖြေရှင်း ရတာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ရဲရဲဝံ့ဝံ့နဲ့ ဥပဒေအရ မှန်မှန်နဲ့ မြန်မြန်ဆောင်ရွက်နိုင်ဖို့ အားပေးလုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းဆောင်ရွက်ပေးနေမှာပါ"လို့ တိုင်းလဝကဦးစီးမှူး ဦးယဉ်ထွေးက ပြောပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မုံရွာအခြေစိုက် ချင်းတွင်းအင်စတီကျူ့က စစ်ကိုင်းတိုင်းအတွင်း လဟယ်မြို့အပါအဝင် မြို့နယ် ၉ မြို့နယ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ၂၁ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနက ရရှိတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ ၂၀၁၉ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ နိုင်ငံသား အရည်အချင်း ကိုက်ညီတဲ့ အသက် ၁၀ နှစ်ပြည့်ပြီးသူ ၇၃၇၈၃ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၄၉၃၆၇ ဦး၊ အသစ်လဲလှယ် ၄၃၃၁၄ ဦးနဲ့ ပျောက်ဆုံး ပျက်စီးလို့ မိတ္တူလျှောက်သူ ၅၀၇၁၅ ဦး၊ စုစုပေါင်း ၂၁၇၁၇၈ ဦးကို နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024