အရုဏ်ဆွမ်းခံချိန် ကားဝင်တိုက်သဖြင့် သံဃာတော် ၂ ပါးပျံလွန်၊ အမျိုးသား ၁ ဦး သေဆုံး
DVB
·
January 14, 2020
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ပန်းတိမ်ရိုးကျေးရွာ ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်မှာ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းက သံဃာတော်တွေကို ဆွမ်းလောင်းနေချိန် ကားတစ်စီးဝင်ရောက်တိုက်မိရာမှ သံဃာတော်၂ပါးနဲ့ အမျိုးသား ၁ ဦး သေဆုံးသွားပါတယ်။
ဒီမနက် ၅ နာရီလောက်က သံဃာတော်တွေ ဆွမ်းခံကြွချိန်မှာ ပုတိမ်ရိုးကျေးရွာနေ ဦးအောင်ကျော်လွင်ဟာ ကားလမ်းဘေးမှာ ဆွမ်းခံကြွလာတဲ့ သံဃာတော်အပါး ၅၀ လောက်ကို ဆွမ်းလောင်းနေစဉ် သထုံဘက်မှ ဘီးလင်းဘက်သို့ ယာဉ်မောင်း(စိစစ်ဆဲ)မောင်းနှင်လာတဲ့ အပြာရောင်ယာဉ်ငယ်တစီးက ဝင်ရောက်တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ဆွမ်းလောင်းနေသူ ဦးအောင်ကျော်လွင် သေဆုံးသွားသလို မိုးကောင်းကျောင်းတိုက်က ဦးဇောတိကနဲ့ ဦးဇင်းပေါက်ကျိုင်းတို့ အခင်းဖြစ်နေရာမှာ ရရှိဒဏ်ရာတွေနဲ့ ပျံလွန်သွားခဲ့တာဖြစ်ပါတယ်။
မိုးကောင်း လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ကိုထွန်းနိုင်ဦးက "ကျနော်တို့အဖွဲ့တွေ ရောက်သွားတော့ အလောင်းတွေကိုလမ်းဘေးချထားပြီးပါပြီ။ ဘယ်လိုဖြစ်သွားလဲဆိုတာတော့ မသိရသေးပါဘူး။ လွန်ခဲ့တဲ့၂ နှစ်လောက်ကလည်း အခုလိုပုံစံမျိုး ဒီနေရာမှာဖြစ်ခဲ့ဖူးပါတယ်။ အသေအပျောက်တော့ မရှိခဲ့ဘူးဆိုပေမယ့် ဆွမ်းခံကြွတဲ့ကိုရင်လေးတွေတော့ ဒဏ်ရာရရှိခဲ့ ကြပါတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။
ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို သိမ်ဆိပ်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၀၄ က /၂၀၂ နဲ့ အမှုဖွင့်လှစ်ကာ တရားခံ ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်နေတယ်လို့ သိမ်ဆိပ်နယ်မြေရဲစခန်းက သိရပါတယ်။
သတင်း-ယူမင်းစိုး
ဓာတ်ပုံ- မိုးကောင်း လူမှုကယ်ဆယ်ရေးအသင်း