Home
မြန်မာသတင်း
ဟင်္သာတမြို့၌လူသတ်အလောင်းဖျောက်ခဲ့သူကို မသေမချင်းကြိုးကွင်းစွပ်သတ်ရန် သေဒဏ် ချမှတ်
DVB
·
January 14, 2020
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်အလောင်းဖျောက်မှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ ကျန်းမာရေးမှူး တဦးကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ ဟင်္သာတ ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ပြီး ကြံရာပါအမျိုးသမီးကိုတော့ အလုပ်နဲ့ထောင်ဒဏ် ၇ နှစ်  ချမှတ်လိုက်ပါတယ်။ ဟင်္သာတတက္ကသိုလ်အနီးက ချစ်သူလမ်းကြားမှာဖြစ်ပွားခဲ့တဲ့ လူသတ်အလောင်းဖျောက်တဲ့ အမှုနဲ့ ပတ်သက်ပြီး ဟင်္သာတ ခရိုင်တရားရုံးက ဇန်နဝါရီ ၁၃ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ် အမိန့်ချလိုက်တာပါ။ အခုလို သေဒဏ်အမိန့်ချမှတ်လိုက်တာဟာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၆၈ ပုဒ်မခွဲ (၁) အရ လူတဦးတယောက်ကို သေဒဏ်ချမှတ်တဲ့အခါ မသေမချင်း ကြိုးကွင်းစွပ်သတ်ရမယ်လို့ ပြဋ္ဌာန်း ထားတာရှိတဲ့အတွက် တရားခံကျန်းမာရေးမှူးကို သေဒဏ်ချမှတ်ခဲ့တာလို့ ဟင်္သာတခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုတိယ ခရိုင်တရားသူကြီး ကပြောပါတယ်။ ဒီအမှုကို ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်က စတင်စစ်ဆေးခဲ့တာဖြစ်ပြီး ၄ နှစ်ဝန်းကျင် တရားရင်ဆိုင်ပြီးချိန်မှာတော့ အခုလို အပြီးသတ် အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။  ၂၀၁၆ ခုနှစ် မတ်လအတွင်းက အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာဖြစ်သူက အမျိုးသမီးတဦးရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ပတ်သက်ပြီး အရက်ဝိုင်းမှာပြောဆိုခဲ့တယ်လို့ဆိုကာ အခုလို အသတ်ခံခဲ့ရတာ ဖြစ်ပြီး ဟင်္သာတ တက္ကသိုလ်အနီးက ချစ်သူလမ်းကြားနံဘေးက လယ်ကွင်းထဲမှာ အလောင်းကို အက်ဆစ်နဲ့လောင်းက ဖျောက်ဖျက်ခံခဲ့ရတာပါ။ အခုလို သေဒဏ်အမိန့်ချမှတ်တာနဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေအနေနဲ့ တပတ်အတွင်း အယူခံဝင်ခွင့် ရှိတယ်လို့လည်း ဟင်္သာတခရိုင် တရားရုံးကပြောပါတယ်။ သတင်း- ကိုကြက် (ဟင်္သာတ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024