Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာလုပ်သား ၃ ဦး ဆိုင်ကယ်နှင့်ဓာတ်တိုင်ဝင်တိုက်၊ ၃ ဦးလုံး ပွဲချင်းပြီး သေဆုံး 
နန်းမြနဒီ
·
January 14, 2020
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာအလုပ်သမား ၃ ဦး ဆိုင်ကယ်မတော်တဆထိခိုက်မှုဖြစ်ပွါးပြီး အားလုံး ပွဲချင်းပြီး သေဆုံးသွားပါတယ်။  ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီခွဲလောက်က နခွန်းဆီမားခရိုင် ဆီချူးမြို့ နောင်ရီရပ်ကွက်ထဲမှာ မော်တော်ဆိုင်ကယ် မတော်တဆထိ ခိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူရှိကြောင်းသတင်းရလို့ ကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဉ်နဲ့ အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆီချူးနယ်မြေရဲ စခန်းမှ ဒုရဲအုပ် ဧကချိုင်း ရစ်ထိမာက သတင်းထောက်တွေကို ပြောပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ တကွဲတပြားစီ လဲကျနေတဲ့ လူ ၃ ဦးနဲ့  ဆီချုး-ခွန်ထွတ်လမ်းဘေးရှိ ဓာတ်မီးတိုင်ကို အရှိန်ပြင်းစွာဝင်တိုက်ထားလို့ ကြေမွပျက်စီး နေတဲ့ ဟွန်ဒါ‌ ဆိုင်ကယ်တစ်စီးပါ တွေ့ရတယ်လို့ ဆိုပါတယ် ။  လဲကျသူတွေကို စစ်ဆေးကြည့်ရာမှာတော့ ၃ ယောက်လုံး အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီလို့ ဒုရဲအုပ်ဧကချိုင်းက ဆက်ပြောပါတယ် ။  သေဆုံးသူတွေမှာ ကိုကျော်ဟိန်း (၂၇ နှစ်)၊ ကိုညိုမင်းဦး (၂၇ နှစ်)နဲ့ ကိုစီ (၂၃ နှစ်) တို့ဖြစ်ပြီး အားလုံးဟာ မြန်မာအလုပ်သမားတွေဖြစ်ကြောင်း၊ သူတို့ဟာ ဆီချုးမြို့ ဗာဗာဖက်ခ် - ပလပ်စတိတ်နဲ့ ဂျုံမှုန့် ထုတ်လုပ်ရေးကုမ္ပဏီက အလုပ်သမားတွေဖြစ်ပြီး အဲဒီစက်ရုံမှာ အလုပ်လာလုပ်တာ ၁ နှစ်လောက်ပဲ ရှိသေးတယ်လို့ လုပ်ဖော်ကိုင်ဘက်တွေက ပြောပါတယ်။  အခင်းဖြစ်တဲ့နေ့က ကိုကျော်ဟိန်းဟာ ဈေးမှာပစ္စည်းသွားဝယ်စရာရှိလို့ ဆိုပြီး ထိုင်းအမျိုးသမီး တဦးရဲ့ ဆိုင်ကယ်ကို ငှားရမ်းခဲ့ကြောင်း၊ အဲဒီနောက် အပေါင်းပါ နှစ်ယောက်ကို တင်ပြီးထွက်သွားရာ အမြန်မောင်းတာကြောင့် အရှိန်ပြင်းပြင်းနဲ့ လမ်းဘေးဓာတ်မီးတိုင်ကို ဝင်တိုက်မိတာလို့ ဆီချူးရဲစခန်းက ပြောပါတယ်။  ကိုးကား - ထိုင်းရတ် https://www.thairath.co.th/news/crime/1745946
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024