ကချင်စစ်ဘေးရှောင်ကလေးငယ်များ ပါဝင်ရေးဆွဲထားသည့် ပန်းချီပြပွဲ ရန်ကုန်တွင်ကျင်းပ
DVB
·
January 14, 2020
ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းက ကလေး ၂၁ ဦး အပါအဝင် ပန်းချီ အနုပညာရှင်တွေ ရေးဆွဲထားတဲ့ ပန်းချီအနုပညာပွဲကို ‘မြောက်ဖျားဒေသ အလင်းတန်းများ’ ခေါင်းစဉ်နဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အလှသစ်ပန်းချီပြခန်းမှာ ပြသနေပါတယ်။
ဒီပြပွဲမှာဆိုရင် စစ်ဘေးရှောင်စခန်းတွေနဲ့ မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်း နေထိုင်နေရတဲ့ ကလေးငယ်တွေရဲ့ ပန်းချီကား ၂၇ ကားကိုလည်း ပြသထားတာပါ။
ကျောက်စိမ်းတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာတွေ၊ ငှက်ပျော စိုက်ခင်းတွေကြောင့် မြေဆီလွှာ ပျက်စီးလာတာတွေ၊ စစ်ဘေးရှောင်ခဲ့ရတဲ့ အကြောင်းတွေနဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သရုပ်ဖော် ရေးဆွဲထားကြတာ ဖြစ်ပါတယ်။
ကလေးတွေရဲ့ ပန်းချီကားတွေအပြင် မြစ်ကြီးနား၊ မန္တလေးနဲ့ ရန်ကုန်မြို့က ပန်းချီပညာရှင်တွေရဲ့ ပန်းချီးကားတွေကိုလည်း ပြသထားပါတယ်။ ကချင်ပြည်နယ်ရဲ့ သဘာဝအလှတွေ၊ လူနေမှုဘဝတွေနဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို မြင်တွေ့နိုင်မှာပါ။
၂၀၁၉ အောက်တိုဘာလကစပြီး မြစ်ကြီးနား၊ မန္တလေးနဲ့ ရန်ကုန်မြို့က ပန်းချီပညာရှင်တွေဟာ မြစ်ကြီးနား၊ ချီဖွေ၊ ဆဒုံး၊ ဝိုင်းမော်၊ ဖားကန့်၊ အင်းတော်ကြီးဒေသတွေဆီ သွားရောက်လေ့လာခဲ့ပြီး ပန်းချီအနုပညာနဲ့ ပြန်လည် ဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။
သတင်း- နူးရာ