အားကိုးအားထားပြုစရာ လူငယ်မျိုးဆက်ထွက်ပေါ်ရန် ပြည်ထောင်စုအားကစားပြိုင်ပွဲကျင်းပရ

1.6K
လက်ရှိ မြန်မာ့အားကစားလောကမှာ သက်ကြီးလက်ရွေးစင်တွေ များနေတာနဲ့ အားကစားနည်းအလိုက် လူငယ်မျိုးဆက်သစ်တွေ ထွက်ပေါ်လာခြင်း မရှိတာတွေရယ်ကြောင့် ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲတွေ ကျင်းပရတာလို့ သက်ဆိုင်ရာက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုဖလားအားကစားပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က အခုလို ပြောလိုက်တာပါ။
“၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အောင်အောင်မြင်မြင်ဖြစ်စေဖို့ပေါ့။ ထိုက်ထိုက်တန်တန် အောင်မြင်မှုရအောင်လည်း ဘက်ပေါင်းစုံကနေ ကြိုးစားနေပါတယ်။ ကျနော်တို့နိုင်ငံရဲ့ လက်ရှိအနေအထားအရ အားကစားအဖွဲ့အသီးသီးမှာ စခန်းသွင်းလေ့ကျင့်နေတဲ့ ကစားသမား တော်တော်များများကလည်း အသက်အရွယ် အထိုက်အလျောက်ရနေတာတွေလည်း ရှိတယ်။ နောက်တချက်ကလည်း အားကစားနည်းအလိုက် လူငယ်မျိုးဆက်သစ် အရည်အချင်းရှိတဲ့ ကစားသမားထွက်ပေါ်မှုကလည်း အားကိုးအားထားပြုစရာ သိပ်မထွက်တဲ့ အနေအထားမျိုးဖြစ်နေတော့ ကျနော်တို့ ပြည်ထောင်စုဝန်ကြီးကလည်းပြိုင်ပွဲတွေလုပ်၊ ပြည်ထောင်စုဖလားပြိုင်ပွဲတွေလုပ် အဲပြိုင်ပွဲတွေမှာ သွားရွေး။ အလားအလာရှိသူမှန်သမျှ စခန်းသွင်းပြီး ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ရော၊ ထိုက်ထိုက်တန်တန် အောင်မြင်မှုရဖို့ရော အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ အဖွဲ့ချုပ်အသီးသီး တာဝန်ရှိသူတွေကိုရော တွန်းအားပေးဆောင်ရွက်နေပါတယ်။”
ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲကနေ လက်ရွေးစင်အားကစားသမားတွေ ထွက်ပေါ်လာရင် လာမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် ရွေးချယ်ဖို့လည်း ရှိပါတယ်။
ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေးကတော့ ဘက်ပေါင်းစုံ ထိုးနှက်ချက်တွေကြောင့် အားကစား မျိုးဆက်ပြတ်သွားတာလို့ ခုလို ပြောပါတယ်။
“အားကစားမျိုးဆက်တွေက အကုန်လုံးပြတ်သွားတာ။ ဘက်စုံကထိုးနှက်ခံရတာ။ အထူးသဖြင့် မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနဲ့ အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်ကျောင်းတွေမှာ အားကစားလှုပ်ရှားမှုတွေ မရှိသလောက်ဖြစ်သွားတာက နိုင်ငံရဲ့ အားကစားလူသတ်ပွဲ စတာပဲ။ အခု ဒီပွဲလေးက စပြီး လူစည်ကားအောင် ပြင်ရမယ်။ တယောက် နှစ်ယောက်များ ရွက်ပုန်းသီးထွက်လာမလား စတော့ စရမှာပေါ့။”
ဒီနှစ် ဒီဇင်ဘာလထဲ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မယ့် ဆီးဂိမ်းအကြို ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲမှာ အားကစားနည်း ၂၂ မျိုး ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။ လာမယ့်ဆီးဂိမ်းပြိုင်ပွဲမှာတော့ အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး၊ မြန်မာအားကစားဝန်ကြီးဌာနက ရွှေတံဆိပ် ၁၀၀ ကျော်ရရှိဖို့ မျှော်လင့်ထားပါတယ်။