သဘာဝဓာတ်ငွေ့ လုံလောက်မှုမရှိကြောင်း စွမ်းအင်ဝန်ကြီး ပြော
DVB
·
February 20, 2013
မြန်မာနိုင်ငံ ပြည်တွင်းမှာ သုံးနေတဲ့ သဘာဝဓာတ်ငွေ့ဟာ လက်ရှိမှာ လုံလောက်မှု မရှိတဲ့အပြင် နောင်လာမယ့် ၂၀၁၅-၁၆ အထိလည်း လုံလောက်မှု ရှိမှာမဟုတ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ သူရှင်းပြခဲ့တာက လက်ရှိ ပြည်တွင်းသဘာဝဓာတ်ငွေ့ လိုအပ်ချက် တနေ့ ကုဗပေ သန်း ၅၉၀ ဖြစ်ပေမယ့် သန်း ၂၇၀ လောက်ပဲ ရကြောင်း၊ လိုအပ်ချက်ရဲ့ ၄၅ ရာခိုင်နှုန်းလောက်ပဲ ရှိကြောင်း၊ လာမယ့် ၂၀၁၅-၁၆ ဆိုရင် လိုအပ်ချက် ကုဗပေ သန်း ၁၀၀၀ ကျော်ရှိလာမှာ ဖြစ်ပေမယ့် ရလာနိုင်တာက စုစုပေါင်း သန်း ၅၃၀ လောက်ပဲ ရှိမှာဖြစ်ကြောင်း ရှင်းပြပါတယ်။
ဒီအတွက် ကိုယ့်ဘာသာ ကိုယ် ရှာဖွေထုတ်လုပ်တာနဲ့ ပြည်ပကနေ တင်သွင်းတာ ၂ မျိုး လုပ်နိုင်ကြောင်း၊ ပြည်ပက တင်သွင်းဖို့ဆိုရင် ပိုက်လိုင်းလိုတာကြောင့် မဖြစ်နိုင်ကြောင်း ဒါကြောင့် ပြည်တွင်းသဘာဝဓာတ်ငွေ့ လိုအပ်ချက် ပြည့်မီအောင် အကောင်အထည်ဖော်ရေး အခက်အခဲ အများကြီး ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။