အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏နေအိမ် ဖောက်ထွင်းခိုးယူခဲ့သူကို ဖမ်းဆီးရမိ
DVB
·
January 13, 2020
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းရဲ့ ကရင်ပြည်နယ် မြဝတီမြို့ရှိ နေအိမ်ကို ဖောက်ထွင်းခိုးယူခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ခိုးရာပါပစ္စည်းတွေကို လည်း တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နေအိမ်ကို ၂၀၁၉ ဒီဇင်ဘာ ၂၇ ရက်ညပိုင်းက ဖောက်ထွင်းခံရပြီး အမှတ်တရ ဆင်ရုပ်တုနဲ့ အသံချဲ့စက် (Song Box) တလုံး ခိုးယူ ခံရပြီးနောက် ရဲစခန်းမှာ တိုင်ကြားထားခဲ့တာပါ။
တရားခံကို ရှာဖွေဖမ်းဆီးဖို့ ကြိုးပမ်းနေစဉ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် အမှတ်(၁၀၂၂) တပ်သားတဦးရဲ့ သတင်းပေးချက်အရ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျော်ဇင်လတ် အသက်(၂၃) နှစ်ရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစစ်ဆေးရာ ခိုးထားတဲ့ ဆင်ရုပ်တုအားတွေ့ရှိ သိမ်းဆည်းရမိ ခဲ့ပါတယ်။
ဒီနောက် ဒေါ်ဘေဘီဆိုသူထံမှာ ၂၅၀၀၀ ကျပ်နဲ့ ရောင်းချထားတဲ့ Song Box ကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့တာပါ။
ဖောက်ထွင်းခိုးခံရတဲ့ ဆင်ရုပ်တုနဲ့ Song Box ဟာ ကျပ် ၁၂ သိန်းခန့် တန်ဖိုးရှိပြီး ခိုးသူ ကျော်ဇင်လတ်ကိုတော့ မြဝတီမြို့ရဲစခန်း ဒုရဲအုပ်မင်းမင်းထွန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပါတယ်။
မြဝတီမြို့မှာ မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်းတွေ၊ ဂိမ်းဆိုင်တွေ ပေါများတဲ့အတွက် လူငယ်တွေဟာ မူးယစ်သုံးစွဲတာ၊ လောင်းကစားပြုလုပ်တာတွေ များလာပြီး ခိုးယူမှုတွေလည်း မကြာခဏရှိနေတာ ဖြစ်ပါတယ်။
ဖိုးစီ