မွန်ပြည်နယ် လွှတ်တော်ကို ရောက်လာသည့် တိုင်စာ ၇၀ ရာခိုင်နှုန်းကျော် မြေယာပြဿနာဖြစ်နေ
DVB
·
January 12, 2020
မွန်ပြည်နယ် လွှတ်တော်ကို တိုင်ကြားလာတဲ့ တိုင်စာ ၇၀ ရာခိုင်နှုန်းကျော်ဟာ မြေယာပြဿနာတွေသာ ဖြစ်နေတယ်လို့ မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာနဲ့ အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောပါတယ်။
လွှတ်တော်ရဲ့ တိုင်ကြားစာ ကော်မတီကို ၄ နှစ် နီးပါး ကာလအတွင်းမှာ တိုင်ကြားစာပေါင်း ၂၀၀၀ ကျော် ရောက်ရှိခဲ့တာဖြစ်ပြီး အဲဒီထဲမှာ မြေယာပြဿနာနဲ့ ပတ်သက်တဲ့ တိုင်ကြားစာမှာ ၁၅၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။
ဒီတိုင်စာတွေ ဖြေရှင်းဖို့အတွက် သက်ဆိုင်ရာဌာနတွေကို ခေါ်ယူမေးမြန်းခဲ့တာတွေ လုပ်ဆောင်နေပြီး တချို့ဌာနတွေက မလာတာတွေ ရှိနေပေမယ့် အခုနောက်ပိုင်းမှာတော့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာတယ်လို့ ဦးအောင်ကျော်သူက ပြောပါတယ်။
လွှတ်တော်အနေနဲ့ ရောက်ရှိလာတဲ့ တိုင်စာတွေကို လိုအပ်ရင် ကွင်းဆင်းစစ်ဆေးတွေ လုပ်ဆောင်ပြီး အကြံပြုချက် အစီရင်ခံစာတွေကို လွှတ်တော်ဥက္ကဋ္ဌမှတဆင့် အစိုးရအဖွဲ့ကို ပေးပို့နေတာပါ။
မွန်ပြည်နယ် လွှတ်တော်ကို တိုင်ကြားလာတဲ့ တိုင်စာတွေထဲမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ အပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ဥပဒေမလိုက်နာမှုတွေကို တိုင်ကြားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။