ဟားခါး အပူချိန် ရေခဲမှတ်အောက် ကျဆင်း
DVB
·
January 12, 2020
ချင်းပြည်နယ် ဟားခါးမှာ အပူချိန်ဟာ ရေခဲမှတ်အောက်ကို ကျဆင်းသွားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ထူးခြားတဲ့ ညအပူချိန်တွေအနေနဲ့ ဟားခါးမှာ ရေခဲမှတ်အောက်-၁ ဒီဂရီစင်တီဂရိတ်၊ ရမ်ကလောင်းမှာ ၃ ဒီဂရီစင်တီဂရိတ်၊ နမ့်စန်၊ ပင်လောင်းနဲ့ ဟဲဟိုးတို့မှာ ၅ ဒီဂရီစင်တီဂရိတ်၊ မိုင်းယန်း၊ တီးတိန်နဲ့ မိုးကုတ်တို့မှာ ၆ ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ပထမ ၁၀ ရက်မှာ ဆယ်ရက်ပတ်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတို့မှာ ပျမ်းမျှအပူချိန်ထက် ၁ ဒီဂရီဖာရင်ဟိုက်ကနေ ၃ ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်းနဲ့တောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၄ ဒီဂရီဖာရင်ဟိုက်ကနေ ၆ ဒီဂရီဖာရင်ဟိုက်အထိ၊ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၇ ဒီဂရီဖာရင်ဟိုက်၊ မကွေးတိုင်းမှာ ၉ ဒီဂရီဖာရင်ဟိုက်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၃ ဒီဂရီဖာရင်ဟိုက် ပိုခဲ့တယ်လို့ ဆိုပါတယ်။
မိုးလေဝသခန့်မှန်းချက်အနေနဲ့ နောက်နှစ်ရက်အတွင်း တနင်္သာရီတိုင်းမှာ မိုးရွာနိုင်တယ်လို့လည်း မိုးဇလက ဆိုပါတယ်။