အိုမန်ဘုရင် ကွယ်လွန် 

Reuters
အာရပ်ကမ္ဘာရဲ့သက်တမ်းအရှည်ဆုံး အုပ်ချုပ်သူဖြစ်တဲ့ အိုမန်ဘုရင် ကာဘုဘင်အယ်လ်ဆတ်ဟာ အသက် ၇၉ နှစ်အရွယ်မှာ ကွန်လွယ်သွားခဲ့ပြီ ဖြစ်ပါတယ်။  အိုမန်ဘုရင်ဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသတာတွေ လုပ်ခဲ့ပြီး ပြီးခဲ့တဲ့လကမှ အိုမန်နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့သူပါ။ သူဟာ ကင်ဆာရောဂါ ခံစားခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ “ဘုရင်ကြီးဟာ သောကြာနေ့ (ဇန်နဝါရီ ၁၀ ရက်) မှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်” လို့ အိုမန် တော်ဝင်မိသားစုက ထုတ်ပြန်ကြေညာပါတယ်။  အိုမန်ဘုရင်ဟာ လက်မထပ်ရသေးသူ ဖြစ်ပြီးတော့ သူ့ရဲ့သေဆုံးမှုအတွက် နိုင်ငံအတွင်း သုံးရက်တိုင်တိုင် ဝမ်းနည်းမှု အခမ်းအနား လုပ်သွားမယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ ကွယ်လွန်သူ အိုမန်ဘုရင်ဟာ သွေးထွက်သံယိုမှုရှိခဲ့တဲ့ ၁၉၇၀ ပြည့်နှစ် အာဏာသိမ်းယူမှုအတွင်း ဗြိတိသျှ အကူအညီနဲ့ ဖခင်ဖြစ်သူကို နန်းချခဲ့သူ ဖြစ်ပါတယ်။  သူဟာ နိုင်ငံရဲ့ရေနံကြွယ်ဝမှုကို အခြေခံပြီး အိုမန်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် ရောက်အောင် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။  အိုမန်ဘုရင်ဟာ အိမ်ထောင်ပြုခဲ့ခြင်း မရှိတာကြောင့် ထီးနန်းအရိုက်အရာကို ဆက်ခံမယ့်သူ မရှိဘဲ လစ်လပ်နေတဲ့ ရာထူးကို ဆက်ခံဖို့ အမျိုးသား ၅၀ ပါ အုပ်စုအတွင်းမှ တဦးကို ရွေးချယ်သွား မယ်လို့လည်း အိုမန်တော်ဝင်ရေးရာဌာနက ပြောပါတယ်။  ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘုရင်အသစ် ရာထူးအတွက် ဟိုင်သန်ဘင်တာရစ် အယ်လ်ဆတ်က စနေနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို အိုမန်ရုပ်မြင်သံကြားရဲ့ထုတ်ပြန်ချက်ကို အခြေခံကာ ဖော်ပြနေကြခြင်းဖြစ်ပြီး ကွယ်လွန်သူ အိုမန်ဘုရင်က သူ့နေရာဆက်ခံသူကို သေတမ်းစာ ရေးသား သတ်မှတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။  ကာဘုဟာ အိုမန်နိုင်ငံကို ၁၉၇၀ ပြည့်နှစ်ကတည်းက စတင်အုပ်ချုပ်ခဲ့သူဖြစ်ပြီး အယ်လ်ဆတ်မျိုးဆက်ရဲ့ ရှစ်ဦးမြောက် ဆူလ်တန်ဘုရင်လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up