ကျောက်ဖြူတွင် ၇ နှစ်ကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် အမျိုးသား ၂ ဦးအား ဖမ်းဆီးစစ်ဆေး
DVB
·
January 11, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးအား ရိုက်နှက်အဓမ္မပြုကျင့်မှုနဲ့ အမျိုးသား ၂ ဦးအား ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကလေးငယ်ကို ရေလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသား ၂ ဦးက ပြင်ဖြူမော်ရပ်ကွက်ကိုသွားတဲ့ တာဘောင်ဘေးရှိ ချုံပုတ်အတွင်း ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့တာပါ။
ဖြစ်စဉ်မှာ အဆိုပါကလေးငယ်အား မိခင်ဖြစ်သူက နေအိမ်မှာ တဦးတည်းထားခဲ့ပြီး ငါးဝယ်ဖို့ ဂူတာပြင်ပိုက်ဆိပ်ကို သွားရောက်စဉ် အိမ်နားနီးချင်းနေသူ ကိုသက်ပိုင်စိုး လိုက်လာကာ ကလေးငယ်အား ကိုဇော်မျိုးနောင်(ခ)မောင်ကြီးနဲ့ ကိုနိုင်မင်းထွန်းတို့ အဓမ္မပြုကျင့်ခဲ့တာကြောင့် ဒဏ်ရာတွေ ရရှိသွားပြီး ကျောက်ဖြူဆေးရုံ ပို့ဆောင်လိုက်ရကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ဖြူဆေးရုံမှာ ကလေးငယ်အား သွားရောက်ကြည့်ရှုရာ ဝဲမျက်ခုံးပွန်းပဲ့ဒဏ်ရာ တချက်၊ အထက်နှုတ်ခမ်းဝဲဘက်ခြမ်း ပေါက်ပြဲဒဏ်ရာတချက်၊ ယာလက်ဖဝါး ပေါက်ပြဲဒဏ်ရာတချက်၊ နှာခေါင်းဖူးရောင် ဒဏ်ရာတချက်၊ ဝဲမျက်လုံးဖူးရောင် ဒဏ်ရာ ရှိထားတာကို တွေ့ရှိရတာကြောင့် သမီးဖြစ်သူအား အဓမ္မပြုကျင့်သူ ၂ ဦးကို အရေးယူပေးဖို့ မိခင်ဖြစ်သူက တရားလိုပြုလုပ် တိုင်တန်းခဲ့တာပါ။
ကျောက်ဖြူရဲစခန်း ဒုရဲမှူး ကျော်ဇောက “သက်ငယ်မုဒိမ်းမှုနဲ့ အမှုဖွင့်ထားတယ်၊ တရားခံတွေကတော့ ဇော်မျိုးနောင်(ခ)မောင်ကြီးနဲ့ နိုင်မင်းထွန်းတို့ နှစ်ယောက်ပဲ၊ စစ်ဆေးနေဆဲပါ” လို့ ပြောပါတယ်။
အဆိုပါကလေးငယ် အဓမ္မပြုကျင့်ခံရတာကို မိသားစုဝင်တွေနဲ့ ဒေသခံအချို့ သိရှိခဲ့ကြပြီးနောက် ကျောက်ဖြူမြို့မရဲစခန်းကို လာရောက်ပြီး ပြစ်မှုကျူးလွန်သူတွေအား ထုတ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဆူပူမှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူတွေက လာရောက် ဖျောင်းဖျဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။
နောင်နောင်